Pages

Thursday, June 25, 2015

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ သူတို့၏ အသံများ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မဲခွဲဆုံးဖြတ်ခဲ့မှုအပေါ် နိုင်ငံရေးနယ်ပယ်မှ လူပုဂ္ဂိုလ်အချို့၏ သုံးသပ်ချက်များအား ဖော်ပြလိုက်ပါသည်

ဦးရဲအောင် (ကော်မတီဝင်၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့)
ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်ကို ပြောချင်ပါတယ်။ အဓိကအားဖြင့်က ဒီ ၄၃၆ တို့ ၅၉(စ) တို့က လွှတ်တော်ထဲမှာ မဲခွဲဆုံးဖြတ်တဲ့အခါ အတိုက်အခံ ပါတီတွေဘက်က ရှုံးသွားတယ်ဆိုတာက ဒါထူးဆန်းတဲ့ကိစ္စ တစ်ခုတော့မဟုတ်ဘူး။ ဒါဟာ တကယ်ကို ဒီလိုပဲ မဲခွဲဆုံးဖြတ်ရင် ရှုံးမယ်ဆိုတာ ကျွန်တော်တို့က သိနေပြီးသားပါ။ ဘာလို့လဲဆိုရင် ဒီ ၂၀၀၈ အခြေခံဥပဒေရဲ့ ပင်မရေးဆွဲတဲ့ သူတွေက အဓိကလွှတ်တော်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် နေရာအများစု ရထားကြတာကို တွေ့ရပါတယ်။ ပြောရမယ်ဆိုရင် ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်တွေ၊ စစ်တပ်ကိုယ်စားလှယ်တွေ ဒါတွေဟာ တကယ်တော့ ၂၀၀၈ ပင်ရင်းက သူတို့ဆီက လာခဲ့တာဖြစ်တယ်။ သူတို့ရေးဆွဲထားတဲ့ အခြေခံဥပဒေတစ်ခုကို တစ်ခြားအတိုက်အခံ အင်အားစုက ပြင်မယ်ဆိုတဲ့အခါ သူတို့ကတော့ ကန့်ကွက်မှာပါပဲ။ ဒီလိုအခြေအနေမျိုးမှာ အခြေခံဥပဒေ တကယ့်အရေးကြီးတဲ့ ပုဒ်မတွေကို ပြင်ဆင်ဖို့ဆိုတာဟာ တကယ်ခက်ခဲတဲ့ အခြေအနေတစ်ခုပါ။ သာမန်အဓိကအားဖြင့် လက်ရှိရှိနေတဲ့ အစိုးရ ဒါမှမဟုတ် လက်ရှိရှိနေတဲ့ အာဏာရပါတီအနေနဲ့ မဲဆွယ်စည်းရုံးတဲ့ သဘောမျိုးရှိတဲ့ တချို့သော အရေးမကြီးတဲ့ ပုဒ်မတွေကိုတော့ ပြင်ဆင်ကောင်း ပြင်ဆင်နိုင်ပါတယ်။ ဥပမာအားဖြင့် တိုင်းနဲ့ပြည်နယ်ဒေသမှာ ၀န်ကြီးချုပ်တွေကို ဒေသကကိုယ်စားလှယ်တွေနဲ့ ပြောင်းလဲခန့်အပ်ဖို့ကိစ္စ ရွေးချယ်ဖို့ကိစ္စ ဒါမျိုးတွေတော့ အောင်နိုင်ပါတယ်။ တကယ့်ကို အရေးကြီးတဲ့ နိုင်ငံတစ်ခုလုံးနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာတော့ ကျွန်တော်ထင်ပါတယ်။ အတိုက်အခံတွေရဲ့ တင်ပြချက်တွေဟာ အများဆုံး ရှုံးနိမ့်သွားမှာပါပဲ။ ဒါကတော့ ဒီလွှတ်တော်သက်တမ်းမှာ ဒီလိုပဲ တွေ့ကြုံရမယ်လို့  ကျွန်တော်တော့ မြင်တယ်ဗျ။ ဒါကိုကျွန်တော်တို့ ကျော်လွှားဖို့ဆိုရင် အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ ပြည်သူတွေဟာ ပြည်သူတွေကို တကယ်ကိုယ်စားပြုမယ့် ကိုယ်စားလှယ်တွေကို တခဲနက် ၀င်ရောက်ရွေးချယ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ အဲဒီလိုရွေးချယ်ပေးမှသာ တကယ့်ပြည်သူတွေရဲ့ အသံနဲ့ စစ်စစ်မှန် မှန်ပေါ်ထွက်လာပြီးမှ ဒီအပေါ်မှာ ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်က ရိုးရိုးရှင်းရှင်းလေးပဲ မြင်တယ်။ ပြည်သူလူထု ငါးသန်းလောက်ပြင်ဆင်ဖို့ လက်မှတ်ထိုးထားတဲ့ ပုဒ်မ ၄၃၆  အပေါ်မှာ ဆရာခုနပြောသလို လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ကြတာ ပြည်သူ့ဆန္ဒကို လျစ်လျူရှုရာ ရောက်ယ်လို့ မြင်သလို ကျွန်တော်မြင်တာကတော့  အဲဒီကိုယ်စားလှယ်တွေကိုယ်တိုင် ပြည်သူကိုကိုယ်စားပြုပြီး တက်လာတာ မဟုတ်ဘူး။

ဦးထွန်းထွန်းဟိန် (ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ကျွန်တော်တို့က ဒီလိုပြောတာပါ။ ဒီပုဒ်မ ၄၃၆ ကို ပြင်တဲ့အခါမှာ ၇၅ ရာခိုင်နှုန်းကျော်ကို ပြင်ရမယ်။ နောက်တစ်ခါ ကျွန်တော်တို့က လူထုဆန္ဒခံယူပွဲ လုပ်ရမယ်ပေါ့။ အဲဒီမှာ ဘာတွေ့လာလဲဆိုရင် တပ်မတော်က မပြင်ချင်ဘူးလို့ ပြောရင် ၇၅ ရာခိုင်နှုန်းကျော် ဘယ်လိုမှမရနိုင်ဘူးပေါ့။ အခု လက်တွေ့မှာ ကျွန်တော်တို့က သိလိုက်ကြရတာပဲ။ လက်တွေ့လုပ်ကြည့်တဲ့အခါ ၇၅ ရာခိုင်နှုန်းကျော်ဆိုတာ ကျွန်တော်တို့ အစကတည်းက ပြောနေတာ ဒါဖြစ်ဖို့ဟာ ခဲယဉ်းပါတယ်။ ကျွန်တော်တို့က ဆက်ပြီးတော့ ကြိုးစားရမှာပေါ့။ အကျိုးအမြတ် ရှိနေတယ် ဆိုတဲ့လူပေါ့။ ဒါက မဲခွဲကြည့်လိုက်တဲ့အခါ ဒါက သိလာတာပါပဲ။ ဘယ်သူက အကျိုးအမြတ်ရှိတယ်။ အကျိုးအမြတ် ရှိတဲ့သူက မပြင်ချင်ဘူး။ အကျိုးအမြတ် မရှိတဲ့သူက ပြင်ချင်တယ်ပေါ့ဗျာ။ အဲဒီတော့ နိုင်ငံသူ နိုင်ငံသားက စဉ်းစားဖို့ပဲ ရှိတာပဲ။ ဘယ်သူက အကျိုးအမြတ်ရှိသလဲ။ ဒီ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက စပြီးတော့ ပြဋ္ဌာန်းနေကတည်းက ဒါပြည်သူ့ဆန္ဒနဲ့ ပြဋ္ဌာန်းတာ မဟုတ်ဘူးပေါ့။ ပြည်သူတွေက ဘာဖြစ်နေလဲဆိုတော့ ဒါတွေကို မဲထည့်တယ်ဗျာ။ ဥပမာဆိုပါတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ စပြီးတော့ အတည်ပြုမယ် ပြည်သူ့ဆန္ဒခံယူမယ် ဆိုကတည်းက မဲထည့်ကြရတာပေါ့။ တချို့ကလည်း ဒါကျွန်တော်တို့ ဆန္ဒမပါဘဲနဲ့ ပြင်သွားပါတယ်လို့ ဒီလိုပြောကြတာပေါ့။ တချို့ကလည်း ဘာဖြစ်လဲဆိုရင် ဒီအပေါ်မှာ အလေးပြု မထားဘူးပေါ့ဗျာ။ အလေးပြုမထားတဲ့သူလည်း ပါတာပေါ့။ ကျွန်တော်တို့က ပြောချင်တာက ဒီမိုကရေစီနိုင်ငံ တည်ဆောက်မယ်လို့ ပြောလို့ရှိရင် ပြည်သူတစ်ဦးချင်း တစ်ဦးချင်း ဆန္ဒကသိပ်ပြီးတော့ အရေးကြီးပါတယ်။ သိပ်အရေးကြီးတဲ့ဟာကို သတိထားပြီးတော့ သဘောတူတယ်၊ သဘောမတူဘူး ဒီလိုပြောပေးကြပါ။ အဲဒီလိုမှ မဟုတ်ဘဲ ဒါကအရေးမကြီးဘူး ငါတို့နဲ့ အဝေးကြီးပါလို့ ယူဆလိုက်တယ်ဆိုရင် ဒီဟာက ကိုယ်အပေါ်မှာ အများကြီး ဒုက္ခလာပေးတာတွေ ဖြစ်နိုင်ပါတယ်။

ဒေါက်တာညိုညိုသင်း (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)
“ဒီမိုကရေစီစနစ် ဆိုတာက အများစုရဲ့ဆန္ဒကို အနည်းစုက လိုက်လျော ရတာကတော့ အမှန်ပါပဲ။ ဒါ ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရပဲ။ ဒါကြောင့်မို့လို့ မဲခွဲပြီးတော့ ဆုံးဖြတ်ကြရတယ်။ အများစုက ဆုံးဖြတ်တာကို အနည်းစုက လိုက်နာရတယ်ပေါ့လေ။ သို့သော်လည်းပဲ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ ဆိုလို့ရှိရင် အနည်းစုရဲ့ဆန္ဒဖြစ်ပေမယ့်လည်း အများစုက အနည်းစုရဲ့ ဆန္ဒကို လေးစားသောအားဖြင့် ဖြည့်စွက်စဉ်းစားတဲ့နည်းနဲ့ အတိုးအလျော့ လုပ်ပေးတယ်။ ငါတို့က လူအများစုပဲ ငါတို့မဲခွဲလိုက်ရင် ငါတို့နိုင်မှာပဲ ဆိုပြီးတော့ အဲဒီလိုမဲနဲ့ တစ်ဖက်သတ် အနိုင်ကျင့်တယ်ဆိုရင် အဲဒါဒီမိုကရေစီ အနိုင်ကျင့်တယ်လို့ ခေါ်တယ်။  ဆိုတော့ အဲ့လိုမျိုးဟာတွေ မဖြစ်သင့်ဘူးပေါ့ ။ ဒီမိုကရေစီ နိုင်ငံဆိုတာက အများစုရဲ့မဲနဲ့ ဆုံးဖြတ်တာတော့ မှန်တယ်။ သို့သော်လည်းပဲ အနည်းစုရဲ့ ဆန္ဒကို အဲဒီဆုံးဖြတ်ချက်တွေ ထဲမှာပါအောင် လေးလေးစားစားနဲ့ ထည့်သွင်းပြီး ဆုံးဖြတ်ရတာ။ အဲဒီတော့ အခုလိုမျိုး မဲများလို့ မဲများတဲ့အုပ်စုရဲ့ သဘောအတိုင်း ဖြစ်သွားတယ် ဆိုတာကတော့ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ မဖြစ်သင့်ဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံဆိုရင် ဒါမျိုးဖြစ်မှာ မဟုတ်ဘူး။ ကျွန်မတို့နိုင်ငံကတော့ ဒီမိုကရေစီနိုင်ငံ မစစ်သေးလို့ ဒီလိုမျိုးဖြစ်တယ်လို့ပဲ ပြောရမှာပေါ့။ ကျွန်မကတော့ လွှတ်တော်ကြီးကို အများကြီး ပြည်သူလူထုရဲ့ ဆန္ဒကို ထည့်သွင်းစဉ်းစား စေချင်တယ်။ လွှတ်တော်ထဲမှာ ရှိတာက လူ ၆၀၀ ကျော်ပဲရှိတာ။ ပြည်ထောင်စု လွှတ်တော်ကြီးထဲမှာ ရှိတာက လူ ၆၀၀ ကျော်ပဲရှိ တယ်။ ဒီထဲက ပုဒ်မတွေ ပြင်ဆင်ဖို့အတွက် ပို့ထားတဲ့ ပြည်သူတွေရဲ့ လက်မှတ်တွေက ငါးသန်းကျော်ရှိတယ်။ အဲဒါကို ဒီပြည်သူလူထု ငါးသန်းရဲ့ဆန္ဒကို ထည့်သွင်းစဉ်းစား စေချင်တယ်။ အဲဒီလိုထည့်သွင်း မစဉ်းစားဘူးဆိုရင် လွှတ်တော်မှာရှိတဲ့ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ရဲ့အကျိုး လွှတ်တော်က ဖော်ဆောင်ရွက်ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို ဖြုတ်ချလိုက်ဖို့ပဲ ရှိတော့တယ်လို့ ပြောချင်ပါတယ်”

ဦးစောနိုင်းနိုင်း (၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် /နာယက-ညီညွတ်သောအမျိုးသားဒီမိုက ရေစီအဖွဲ့ (UNDO))
ကျွန်တော်မနေ့ကတည်းက ဆွေးနွေးချက်တွေကို တွေ့ပါတယ်။သိပ်တော့လည်း မအံ့သြသလို ဒီကိစ္စက အရင်ကတည်းကလည်း သိပ်စိတ်မ၀င်စားခဲ့ပါဘူး။ ပြင်ဖို့ခက်ခဲမယ် ဆိုတာလည်း သိနေပါတယ်။ ဒီဟာက လွှတ်တော်ထဲမှာရှိတဲ့ ကိုယ်စားလှယ်တွေရဲ့ ၇၅ ရာခိုင်နှုန်း အကုန်လုံးက မဲပေးတာတောင်မှ ပြင်ဖို့က မဖြစ်နိုင်ဘူး။၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ်တွေကလည်း အခိုင်အမာ ရှိနေတယ်။ နောက်တစ်ခုက ပြည်သူတွေရဲ့ ဆန္ဒကိုကြည့်ရမှာပေါ့။ ၂၅ ရာခိုင်နှုန်းထဲက ပြည်သူတွေရဲ့ ဆန္ဒကိုထင်ဟပ်ဖို့ ခက်ခဲပါတယ်။ ဒီတော့ကျန်တဲ့ ပြည်သူရွေးကောက် တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေ၊ အချို့သော ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်သူကို ထိထိရောက်ရောက် ကိုယ်စားပြုနိုင်ရဲ့လားဆိုတာ စဉ်းစားစရာပါပဲ။ မဲရလဒ်တွေအရဆိုရင် အချို့သော ပြည်သူ့ကိုယ်စားလှယ်တွေက ပြည်သူတွေရဲ့ဆန္ဒကို တကယ်ကို ဂရုစိုက်ရဲ့လား။ ကြည့်ရဲ့လားဆိုတာက အဖြေတွေကို ကြည့်တာနဲ့တင် သိသာနေပါတယ်။

Eleven Media Group