Pages

Thursday, June 18, 2015

ကျူရှင်ကိစ္စ တိုင်ကြားသူရှိက အရေးယူမည်


|Dawei Watch| ကော့သောင်း၊ ဇွန် ၁၈
နားလည်မှုဖြင့် ခွင့်ပြုထားသော်လည်း ကျူရှင်သင်ကြားခြင်းနှင့် ပတ်သက်ပြီး တိုင်ကြားခံရပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဝင်းအောင်က ဇွန်လ ၁၇ ရက်တွင် ကော့သောင်းမြို့ရှိ ဆရာဆရာမများနှင့် တွေ့ဆုံစဉ် ပြောသည်။
တရားဝင်မဟုတ်သော်လည်း နားလည်မှုဖြင့် သင်ကြားခွင့်ပြုထားသည့် အပေါ် ကျောင်းသား မိဘများက တစ်စုံတရာ မကျေနပ်သဖြင့် တိုင်ကြားလာပါက စိစစ် အရေးယူသွားမည်ဖြစ်ကြောင်း ၀န်ကြီးက ပြောသည်။
“ကိုယ့်ကျူရှင်မနေလို့ ကျောင်းသားတွေအပေါ် ခွဲခြားဆက်ဆံတာ၊ ၀န်ထမ်းအချင်းချင်း စိတ်သဘောထားကွဲတာ၊ ကျူရှင်ကို စီးပွားဖြစ်သင်နေတာတွေကို ကြားနေရလို အခုလို ပြောရတာပါ”ဟု ၀န်ကြီးက ဆိုသည်။
ဆရာဆရာမများအဖြင့် ကျူရှင်ကို စီးပွားဖြစ်မဟုတ်ဘဲ တော်သင့်သည့် အခကြေးငွေယူပြီး သင်ကြားသင့်ကြောင်း ကော့သောင်းမြို့ခံ ကျောင်းသားမိဘတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ပညာသင်နှစ်က ကော့သောင်းမြို့ပေါ် ကျောင်း ၄ ကျောင်းသည် ကျူရှင်ကိစ္စနှင့် ပတ်သက်ပြီး ကျောင်း သား ကျောင်းသူများကို ခွဲခြားဆက်ဆံသည်ဟူသည့် ကိစ္စအပါအ၀င် အခြားအချက်များဖြင့် ကျောင်းသားမိဘများက စုပေါင်း လက်မှတ်ထိုး တိုင်ကြားခဲ့ဖူးသည်။

Dawei Watch