Pages

Friday, June 5, 2015

ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ခရီး ပထမဆုံးအကြိမ်သွားမည်

 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် သတင်းပတ်အတွင်း  တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် တရားဝင် ချစ်ကြည်ရေးခရီး သွားမယ်လို့ ပါတီက  ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

တရုတ်ပြည် ၅ ရက်ကြာခရီးစဉ်မှာ တရုတ် သမ္မတ ရှီကျင်ပင်း၊ ၀န်ကြီးချုပ် လီကီချန်တို့နဲ့ လည်း တွေ့ဆုံဖို့ရှိတယ်လို့ အန်အယ်လ်ဒီ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ပြောပါတယ်။

“ဇွန်လ ၁၀ ရက်ကနေ ၁၄ ရက် အထိပေါ့။ ခရီးစဉ်ထဲမှာတော့ သမ္မတနဲ့ ၀န်ကြီးချုပ်နဲ့ တွေ့ဖို့ အစီအစဉ်ပါတယ်လို့ သိရပါတယ်။ တရုတ်ပြည်ကွန်မြူနစ်ပါတီက ဖိတ်တာပါ။ ဒါချစ်ကြည်ရေးခရီးပါပဲ” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အဖွဲ့ချုပ်ဝင် လေးငါးယောက်လောက်လည်း လိုက်ပါသွားဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ၂၀၁၄ ဒီဇင်ဘာလလောက်ကတည်းက ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ခရီးသွားမယ်ဆိုတဲ့ သတင်းတွေဟာ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်လို့ တရုတ်နိုင်ငံ ဘက်ကတော့ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေကတော့ အရင်က တခြားပြည်တွင်းနိုင်ငံရေး ပါတီတွေက ကိုယ်စားလှယ်တွေနဲ့အတူ တရုတ်နိုင်ငံကို သွားရောက်လေ့လာတာ ရှိခဲ့ပေမယ့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ခုတကြိမ် ပထမဆုံး သွားရောက်မှာ ဖြစ်ပါတယ်။

By ဒီဗွီဘီ