Pages

Monday, June 15, 2015

ကြက်ဆူစေ့စားမိရာမှ ပလတွင် ကျောင်းသား ၅၀ ကျော် ဆေးရုံရောက်


|Dawei Watch|၊  မြိတ်၊ ဇွန် ၁၄
မြိတ်ခရိုင် ပလောမြို့နယ်၊ ပလတိုက်နယ် အထက်တန်းကျောင်းတွင် ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ကျောင်းတွင် စိုက်ထားသည့် ကြက်ဆူပင်များ၏ အစေ့ကို စားမိရမှ ကျောင်းသူကျောင်းသား ၅၀ ကျော် မူးဝေ အော့အန်သဖြင့် ဆေးရုံ တင်လိုက်ရကြောင်း ယင်းတိုက်နယ် ဒေသခံများထံမှ သိရသည်။
ကျောင်းပတ်လည်တွင် စိုက်ထားပြီး လူတစ်ရပ်အမြင့်ရှိနေပြီဖြစ်သည့် ကြက်ဆူပင် အသီးမှ အစေ့ကို ထုခွဲစားရာမှ သူငယ်တန်းမှ ဆဋ္ဌမတန်းအထိ ကျောင်းသူကျောင်းသားများ ယင်းသို့ ဆေးရုံရောက်ခဲ့ခြင်း ဖြစ်ကြောင်း ပလဒေသခံ ဦးစိုးဝင်းက ပြောသည်။
“စဖြစ်ချိန်မှာ  ကလေး ၃၈ ဦး ကျောင်းခန်းထဲမှာ မူးဝေ အော့အန်ပြီး လဲကုန်တယ်၊ ဖြစ်ဖြစ်ချင်းတော့ ဒီက လူတွေ အကူအညီ တောင်းပြီး ကလေးတွေကို ပလဆေးရုံကို ချက်ချင်း တင်လိုက်ရတယ် ပြောတယ်” ဟု ပလဒေသခံ ဦးကျော်မင်းက ပြောပြသည်။
ပထမတွင် ကလေး ၃၈ ဦးကို ဆေးရုံတင်ရပြီး နောက်ထပ် ၁၉ ဦး ထပ်မံတင်ပို့ရာကာ စုစုပေါင်း ၅၇ ဦး ဆေးရုံ ရောက်ခဲ့သည်ဟု သိသည်။
ဆေးရုံတက်ရသည့် ကလေးများအားလုံး ပြန်လည်သက်သာသွားပြီဖြစ်သဖြင့် ဇွန်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်က ဆေးရုံမှ ပြန်ဆင်းသွားပြီဖြစ်ကြောင်း ပလဆေးရုံမှ တာဝန်ကျ ဆရာဝန်တစ်ဦးထံမှ သိရသည်။
Dawei Watch