Pages

Friday, June 19, 2015

မလေးရှားရေနံတင်သင်္ဘော ပြန်ပေးဆွဲခံရဟု အတည်ပြု


ပြီးခဲ့တဲ့တပတ်က ပျောက်ဆုံးနေခဲ့တဲ့ မလေးရှားရေနံတင်သင်္ဘောဟာ ဗီယက်နမ်ရေပိုင်နက်မှာ ပြန်လည်တွေ့ရှိခဲ့ပြီး ပြန်ပေးဆွဲခံထားရတယ်လို့ မလေးရှားရေတပ်အာဏာပိုင်တွေက ဇွန် ၁၈ ရက်နေ့မှာ အတည်ပြုပြောဆိုပါတယ်။
ကွာလာလမ်ပူမြို့ သတင်းစာရှင်းလင်းပွဲမှာ မလေးရှားရေတပ် ဒုဗိုလ်ချုပ် အာမက်ပူဇီ (Ahmad Puzi) က အခုလို ပြောဆိုလိုက်ပြီး အော်ကင်ဟာမိုနီ (Orkim Harmony)  သင်္ဘောဟာ ရေတပ်သင်္ဘောတစီးခြံရံပြီး တောင်ဘက်ကို ပြန်လည်ခုတ်မောင်းလာပြီလို့ ပြောဆိုပါတယ်။
သြစတြေးလျလေတပ်က သင်္ဘောကို အရင်တွေ့ရှိခဲ့တာဖြစ်ပြီး ပင်လယ်ဓားပြတွေနဲ့ မလေးရှာ ရေတပ်တို့ ဆွေးနွေးညှိနှိုင်းနေပြီး ဓားပြတွေကို အေးဆေးဆေးဆေးလက်နက်ချဖို့ တိုက်တွန်းထားတယ်လို့ ဒုဗိုလ်ချုပ် ပူဇီက ပြောဆိုပါတယ်။
ဒုဗိုလ်ချုပ် အာမက်ပူဇီ
ဒုဗိုလ်ချုပ် အာမက်ပူဇီ
“အတွေ့အကြုံတွေအရပြောရရင် သင်္ဘောပေါ်မှာ ပင်လယ်ဓားပြတွေနဲ့ ရုတ်ရုတ်သဲသဲမဖြစ်ဘူးဆိုရင် သင်္ဘောသားတွေရော၊ သင်္ဘောပါ ဘေးကင်းလုံခြုံ တယ်လို့ ယုံကြည်ရတယ်။”
ရေနံတန်ချိန် ၇၃၀၀ တင်ဆောင်နိုင်တဲ့ ဒီသင်္ဘောဟာ ဇွန်လ ၁၁ ရက်နေ့က မလေးရှားနိုင်ငံ တောင်ပိုင်း ဂျိုဟာ (Johor) ဆိပ်ကမ်းကနေ နိုင်ငံအလယ်ပိုင်းက  ကွမ်တန်မြို့ (Kuantan) ကို ခုတ်မောင်းစဉ် ပြန်ပေးဆွဲခံရတာဖြစ်ပြီး ၂ ပတ်အတွင်း ဒုတိယမြောက်သင်္ဘောတစီး ပြန်ပေးဆွဲခံခဲ့ရတာပါ။
မလေးရှားသင်္ဘောကုမ္ပဏီတခုထဲက သင်္ဘော ၂ စီး လမ်းကြောင်းတခုတည်း၊ တနေရာမှာပဲ ပြန်ပေးဆွဲခံရတာဖြစ်လို့ အရှေ့တောင်အာရှပင်လယ်ပြင်ရဲ့ ဘေးကင်းလုံခြုံမှုအပေါ် စိုးရိမ်မှုတွေဖြစ်ခဲ့ကြပါတယ်။
ဒီသင်္ဘောပေါ်မှာ သင်္ဘောဝန်ထမ်းအားလုံး ၂၂ ဦးပါဝင်ပြီး မလေးရှား ၁၆ ယောက်၊ အင်ဒို ၅ ယောက်နဲ့ မြန်မာ ၁ ယောက် ပါဝင်ပါတယ်။
DVB