Pages

Wednesday, June 17, 2015

ခရုတစ်မျိုးစားမိရာမှ မြိတ်တွင် ရွာလုံးကျွတ်နီးပါး အစာအဆိပ်သင့်





|Dawei Watch| မြိတ်၊ ဇွန် ၁၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် စန္ဒာဝတ်ကျေးရွာအုပ်စု ရေမြစ်ကြီးကျေးရွာတွင် ဒေသအခေါ် ခရင်းဟုခေါ်သည့် ခရု/ကမာ တစ်မျိုးကို စားမိရာမှ ရွာလုံးကျွတ်နီးပါး အစာအဆိပ်သင့်ခဲ့ကြောင်း ယင်းကျေးရွာသူရွာသားများထံမှ သိရသည်။
ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ကျောက်ဖျာကျေးရွာ၊ သမုတ်ကမ်းမှ အမျိုးသမီးတစ်ဦး လာရောက် ရောင်းချသည့် ခရု/ ကမာ (အကောင်သေး) ဒေသအခေါ် ခရင်းကို လာရောင်းချသည်ကို ရွာ အရှေ့ခြမ်းနှင့်အနောက်ခြမ်းမှ ရွာသူရွာသားများ ၀ယ်ယူ စားသုံးမိရာမှ ယင်းသို့ အစာအဆိပ်သင့်ခြင်းဖြစ်ကြောင်း စန္ဒ၀တ်ကျေးရွာမှ ဦးဝင်းနိုင်က ပြောသည်။
ယင်းခရုများကို စားပြီးနောက် ဇွန်လ ၁၅ ရက်နေ့တွင် တစ်ဦး၊ နှစ်ဦးခန့် မူးဝေ အော့အန်ကာ ခြေလက်များ နာကျင် ကိုက်ခဲ လာပြီး တဖြည်းဖြည်း ရောဂါဖြစ်ပွားသူများလာသဖြင့် ဇွန်လ ၁၆ ရက်နေ့ ညနေတွင် မြိတ်ပြည်သူ့ဆေးရုံသို့ အရေးပေါ် တက်ရောက်ကုသခဲ့ရကြောင်း ယင်းရွာသူရွာသားများထံမှ သိရသည်။
“ဖြစ်ဖြစ်ချင်းတော့ သာမန်ဝမ်းရောဂါပဲလို့ ထင်ပြီး ရွာမှာရှိတဲ့ ဆရာဝန်တွေနဲ့ ပြတယ်၊ နောက်တော့ လူတွေက များလာတော့ ဆရာဝန်က မနိုင်တော့ မြိတ်ပြည်သူ့ဆေးရုံကို အမြန်ဆုံးပို့ဖို့ စီစဉ်ခဲ့တာပါ”ဟု လူနာများကို အရေးပေါ်တင်ဆောင်လာသူ ကားဆရာ ဦးထွန်းဝေက ရှင်းပြသည်။
အစာအဆိပ်သင့်၍ မြိတ်ပြည်သူ့ဆေးရုံသို့ တက်ရောက် ကုသသူ ဇွန်လ ၁၇ ရက်နေ့ စာရင်းအရ စုစုပေါင်း ၇၄ ဦးရှိကြောင်း မြိတ်​​ဆေးရုံအုပ်​​ ဒေါက်​တာသန္တာမျိုးဝင်းက ​ပြောကြားသည်​။
“အစာအဆိပ့်​သင့်​ဖြစ်​တာက အစိမ်းသက်​သက်​ စားတာရယ်​၊ နောက်​ သုတ်​စားတာလုပ်လို့ အများဆုံး ဖြစ်​တယ်​”ဟု ၄င်းက ထပ်​မံ ရှင်းပြသည်​။
ယင်းခရုများတွင် တာရှည်အထားခံနိုင်သည့် ဆေးအသုံးပြုထားသည့်အတွက် သမုတ်ကျေးရွာတွင် မည်သူမှ မ၀ယ်စား ကြသည့်အတွက် အခြားကျေးရွာများတွင် သွားရောက်ရောင်းချလေ့ရှိကြောင်း သမုတ်ကျေးရွာသူတစ်ဦးက ပြောပြသည်။
ယင်းသို့ အစာအဆိပ်သင့်မှုဖြစ်သည့် ကျေးရွာသို့မြိတ်ပြည်သူ့ဆေးရုံကြီးမှ မြို့နယ် ကျန်းမာရေးအဖွဲ့မှ ကွင်းဆင်း သွားရောက် ကုသပေးလျက်ရှိကြောင်း သိရသည်။
Dawei Watch