Pages

Sunday, June 7, 2015

အသစ်ထုတ်ပေးမည့် အစိမ်းနုရောင်ကတ် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများ ပါဝင်မည်မဟုတ်

မဲပေးပိုင်ခွင့်ရှိသူကတော့ နိုင်ငံသား၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့် ရသူတွေပါ . . . သူတို့ လ၀က,က ထုတ်ပြန်တဲ့အထဲမှာ ဒီ ၃ ချက်ထဲမှာ အကျုံးမ၀င်ရင် မဲပေးပိုင်ခွင့်မရှိဘူးဆိုတဲ့ အနေအထားမျိုး တွေ့ရတာပေါ့ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်၊ ဇွန် ၂

၂၀၁၅ ခုနှစ်၊ မေ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးသော ၀ှိုက်ကတ် အစားထိုး အစိမ်းနုရောင် ကတ်ပြားတွင် မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ စသည့်အချက် ၃ ချက် မပါဝင်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ချယ်က ဇွန်လ ၂ ရက်တွင် မြန်မာသံတော်ဆင့်သို့ပြောသည်။

ဝှိုက်ကတ်များအစား အသစ်ပြန်လည် ထုတ်ပေးမည့် အစိမ်းနုရောင် သက်သေခံ ကတ်ပြားကို ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေအရ ထုတ်ပေးခြင်းဖြစ်ပြီး ယင်းကတ်သည် မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူတို့၏ အချက် ၃ ချက်တွင် ပါဝင်ခြင်း မရှိကြောင်းနှင့် ယင်းကတ်ကိုင်ဆောင်သူများ အနေဖြင့် မဲပေးပိုင်ခွင့် ရရှိရန် နိုင်ငံသားအဖြစ် စိစစ်ခံရမည့်အပေါ် ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

““အဲဒါက မြန်မာနိုင်ငံသား ဥပဒေအရပေးတာ။ ၀ှိုက်ကတ်က လည်း နိုင်ငံသားဥပဒေထဲက မဟုတ်ဘူး။ သူ့ကတ် နာမည်က နိုင်ငံသား စိစစ်ကတ်ပေးသူ၏ သက်သေခံကတ်ပြားပဲ၊ ၀န်ကြီးပြောတဲ့ထဲမှာ ပါပြီးသား။ လက်ရှိကတော့ ၀န်ကြီး ပြောသလိုပဲလေ၊ နိုင်ငံသားစိစစ်ခံရမယ်။ အဲဒီကတ်ပြား ကိုင်တဲ့သူကတော့ နိုင်ငံသား စစ်ရဦးမယ်။ ကတ်ပေးတာကတော့ တို့တာဝန်ပဲလေ။ ဥပဒေနဲ့ ကတ်ပေးတာ။ မဲပေးခွင့်ပေးတယ်၊ မပေးတယ် ဆိုတာက မဲပေးခွင့်ကိုတော့ ဥပဒေက ကော်မရှင်ကရေးတဲ့ ဥပဒေ၊ ကော်မရှင်က ဥပဒေမှာ ပေးတယ်ဆိုလည်း ပေးပေါ့။ မပေးဘူးဆိုလည်း မပေးဘူးပေါ့””ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ချယ်က ပြောသည်။

လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲထည့်ဝင်နိုင်သူများ မှာ မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့် ရသူဟူသည့် အချက် ၃ ချက်တွင် ပါဝင်မည့်သူများသာ မဲထည့်ဝင် ကြရမည်ဖြစ်ရာ ယခုအသစ်ပြန်လည် ထုတ်ပေးမည့် အစိမ်းနုရောင်ကတ် ကိုင်ဆောင်သူများ အနေဖြင့် ဖော်ပြပါအချက် ၃ချက်တွင် မပါဝင်သည့်အတွက် မဲပေးခွင့်ရမည် မဟုတ်ပေ။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ““ကျွန်တော်တို့ ကော်မရှင်အနေနဲ့ မသိသေးဘူးပေါ့။ ကျွန်တော်တို့ ဥပဒေထဲမှာပါတဲ့ ဥစ္စာက မဲဆန္ဒရှင် ဖြစ်မယ်လေ။ ကျွန်တော်တို့ စာရင်းထဲမှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူပဲ ပါမယ်။ အစိမ်းနုရောင်ကတ်နဲ့ ပတ်သက်ပြီး ဥပဒေထဲမှာပါထားတဲ့ ၃ မျိုးထဲမှာ အကျုံးဝင်သလားပေါ့။ ၀င်ရင်တော့ စာရင်းကောက်ရမယ်လေ။ ၀င်လား မ၀င်လားဆိုတာ ကျွန်တော်တို့က မသိဘူး။ ကျွန်တော်တို့ ပြောတဲ့ ၃ ခုထဲမှာ တစ်ခုခု ဖြစ်မယ်ဆိုရင် ကျွန်တော်တို့ ၀င်တာပေါ့။ ဥပဒေနဲ့ညီရင် မဲပေးခွင့် ပေးရမှာပဲလေ။ မဲပေးပိုင်ခွင့်ရှိသူကတော့ နိုင်ငံသား၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူတွေပါ။ သူတို့ လ၀က က ထုတ်ပြန်တဲ့ အထဲမှာ ဒီ ၃ ချက်ထဲမှာ အကျုံးမ၀င်ရင် မဲပေးပိုင်ခွင့် မရှိဘူးဆိုတဲ့ အနေအထားမျိုး တွေ့ရတာပေါ့””ဟု ပြောသည်။

လက်ရှိအချိန်တွင် ၀ှိုက်ကတ် ကိုင်ဆောင်သူများမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေ၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများအရ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံ ခွင့် မရှိသလို လွှတ်တော် ၃ ရပ်၏ ဆွေးနွေး ဆုံးဖြတ်ချက်များအရ မဲပေးပိုင်ခွင့်ကိုပါ ပယ်ဖျက်ထားပြီး ဖြစ်သည်။

““၀ိုက်ကတ် ကိုင်ဆောင်ထားတဲ့သူတွေဟာ သူတို့ဟာ နိုင်ငံသားလို့ လည်း ပြောလို့မရဘူးလေ။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေ ရှိပါတယ်။ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေတွေ ရှိပါတယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်ပေါ့နော်။ ရွေးကောက်ပွဲ ဥပဒေတွေမှာ သူတို့ဟာ မဲပေးပိုင်ခွင့် မရှိတော့ပါဘူး။ သူတို့ဟာ နဂိုတည်းက ၀င်ရောက် ရွေးချယ်ပိုင်ခွင့်ကတော့ မရှိဘူး။ အခုက မဲပေးပိုင်ခွင့်ပါ မရှိတော့ပါဘူး။ ပယ်ဖျက်ပြီးဖြစ်ပါတယ်။ ဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း မညီဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကလည်း အဲဒီအတိုင်းပဲ ဆုံးဖြတ်ထားပါတယ်။ အခု အစိမ်းရောင်ကတ်ကို ပေးထားတယ်။ အကျုံးမ၀င်ပါဘူး။ နိုင်ငံ သားဖြစ်ကြောင်း အသိအမှတ်ပြုတာ မဟုတ်ပါဘူး။ အစိမ်းနုရောင် ကတ်ဆိုတာက ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများကို ပယ်ဖျက်တာမှာ လ၀က၀န်ကြီး ဌာနက ခွင့်ပြုဖို့ လွယ်ကူအောင်လို့ အမိန့်ကြော်ငြာစာနဲ့ ထုတ်ပြန်ပြီးတော့ ပေးထားတဲ့ အမှတ်အသား ဖြစ်ပါတယ်။ အကျုံးမ၀င်ပါဘူး””ဟု အမျိုးသားလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုး က ပြောသည်။

ရည်မွန်ဖြိုး

  မြန်မာသံတော်ဆင့်သတင်းဌာန