Pages

Saturday, June 13, 2015

ထားဝယ်မြို့ အိုးလုပ်ရပ်တွင် ရှေးဟောင်း အုတ်ချပ်များတွေ့



Dawei Watch ၊ ထားဝယ်၊ ဇွန် ၁၃
ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းအတွင်း ယခင်မြေအောက်ရေပြွန်ပိုက်နေရာအား မြေမြှုပ်တံတားတည်ဆောက်ရန် ဇွန်လ ၁၁ ရက်နေ့က တူးဖော်ရာမှ ရှေးဟောင်း အုတ်ချပ်ပြားကြီးများကို တူးဖော် ရရှိခဲ့ကြောင်း ယင်းလမ်းအတွင်း နေထိုင် သူများထံမှ သိရသည်။



ယင်းလမ်းမှ တူးဖော်ရရှိသော အုတ်ချပ်များမှာ အလျား ၁၆လက်မ၊ အနံ ၈လက်မ၊ ထု ၃လက်မ အရွယ်အစားရှိပြီး အုတ် ချပ်ပြား အကောင်းနှင့် ကျိုးပဲ့နေသော အုတ်ချပ်ပြား စုစုပေါင်း ၁၀၀ခန့်ကို တူးဖော်ရရှိကြောင်း ၄င်းတို့က ပြောသည်။
“ဒီနေရာက ထားဝယ်မြို့ရဲ့ မြောက်ဖက်မြို့ရိုး နေရာပါ၊ ဒီအုတ်ချပ်တွေက မြို့ရိုးက ရှေးဟောင်းအုတ်ချပ်တွေ”ဟု ထားဝယ် သုတေသနအဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဇော်သူရက ဆိုသည်။
လွန်ခဲ့သောနှစ် ၂၅၀ကျော်( ကေဇာသက္ကရာဇ် ၁၁၁၆ခုနှစ်)က သာယာဝတီမြို့အဖြစ် ထားဝယ်မြို့ကို မင်းနဲလှက တည်ခဲ့ပြီး မြို့ပတ်လည် လေးဖက်တွင် မြို့ရိုးများကို တည်ဆောက်ခဲ့သည်ဟု သမိုင်း အထောက်အထားများအရ သိရသည်။
ယင်းနေရာမှာ မြို့၏ မြောက်ဖက်မြို့ရိုး တည်ရှိရာ နေရာဖြစ်ပြီး ထားဝယ်မြို့အား ဗြိတိသျှတို့ သိမ်းပိုက်ပြီးနောက် ယင်း မြောက်ဖက်ရှိ မြို့ရိုးကို တူးကာ လမ်းဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ဦးဇော်သူရထံမှ သိရသည်။
လွန်ခဲ့သည့် ၂ နှစ်ခန့်က ထားဝယ်မြို့၏ တောင်ဖက်မြို့ရိုးတည်ရှိသော တောင်ခွလမ်းဆုံအနီးရှိ တံတားကိုပြန်လည် ပြုပြင် တည် ဆောက်စဉ်ကလည်း ယင်းသို့သော အုတ်ချပ်ပြားကြီးများကို တူးဖော်ရရှိခဲ့ကြောင်း ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။
ထားဝယ်မြို့၊ နိဗ္ဗာန်လမ်းမှ တူးဖော်ရရှိသော ရှေးဟောင်းအုတ်ချပ်များအနက်မှ  ၅ချပ်ကို  ထားဝယ်ယဉ်ကျေးမှုပြတိုက်တွင် ပြသ နိုင်ရန် ဇွန်လ ၁၂ ရက်နေ့က ပေးပို့ထားသည်ဟု ထားဝယ်သုတေသနအဖွဲ့ထံမှ သိရသည်။
ထားဝယ်ဒေသသမိုင်း မှတ်တမ်းအရ  ထားဝယ်ဒေသတွင် ရှေးမြို့ ၁၆ မြို့တည်ရှိပြီး  ကလိန်အောင်မြို့တွင် အောင်သာဝတီမြို့၊ ကနက်သီရိရွာတွင် ကနက်သီရိမြို့၊ ထားဝယ်မြို့နယ်တွင် အောင်သာဝရမြို့၊ မောင်မယ်ရှောင်ရွာတွင် ဘုမ္မိဒေ၀နာဂရ မြို့၊ မြို့ဟောင်းရွာကို သာဂရမြို့၊ ပကာရီရွာကို မှိုင်းကာရီမြို့ ၊ ၀ဲကျွန်းရပ်ကို တကူမြို့၊ ဆင်ဆိပ်ရပ်ကို ညောင်ခရားမြို့၊ လေယာဉ်ကွင်းကို သုခနာဂရံမြို့တို့ကို တည်ဆောက်ခဲ့သည်ဟု ထားဝယ်ရှေးယဉ်ကျေးမှု အထောက်အထားများ စာအုပ်အရ သိရသည်။
ထို့အပြင် ဆင်ထောက်(၀ဲမကိုက်ရွာ)ကို ထောင့်ကွယ်မြို့၊ ဝေဒီရွာကို ဝေဒီမြို့/၀တီမြို့၊ ကမြောကြီးရွာကို မုတ္တသုခနာ ဂရ မြို့၊ ကမြောကြီးရွာကို  ကမြောမြို့(ကနိုင်းငယ်မြို့)၊ ကြက်စားပြင်ရပ်ကို တလိုင်းရှောင်မြို့၊ ကြက်စား ပြင်ရပ်ကို ကြက်စား မြို့၊ ထားဝယ်မြို့ကို သာယာဝတီမြို့ တို့အဖြစ် တည်ခဲ့သည်။
Dawei Watch