Pages
▼
Wednesday, June 24, 2015
အပူလှိုင်းကြောင့် ပါကစ္စတန်မှာ သေဆုံးသူ ၈၀၀ ကျော်
ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ဆင်းဒ်ပြည်နယ်မှာ အပူလှိုင်းရိုက်ခတ်မှုကြောင့် သေဆုံးသူပေါင်း ၈၀၀ ကျော် ရှိသွားပြီလို့ ဆေးရုံဝန်ထမ်းတွေက ပြောကြားပါတယ်။
ကရာချိမြို့ပေါ်မှာ အနည်းဆုံး လူ ၇၈၀ သေဆုံးခဲ့တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောဆိုပြီး ကျန်သေဆုံးသူ ၃၀ ကတော့ ပြည်နယ်တွင်းရှိ တခြားဒေသတွေက ဖြစ်တယ်လို့ ပါကစ္စတန် သတင်းဌာနက ဆိုပါတယ်။
ဒါ့အပြင် ဆေးရုံအအေးတိုက်တွေမှာ အလောင်းတွေနဲ့ ပြည့်နေတယ်လို့ Edhi လူမှုဖူလုံရေးအဖွဲ့က အေဖက်ပီ သတင်းဌာနကို ပြောပါတယ်။
အခုလို ပြင်းထန်တဲ့ အပူလှိုင်းဒဏ်ကြောင့် လူတွေသေဆုံးနေရမှု နဲ့ပတ်သက်ပြီး ထိရောက်စွာ ကိုင်တွယ်မှုမရှိဘူးဆိုပြီး ပါကစ္စတန် အာဏာပိုင်တွေအပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေသလို မီးမလာလို့ လေအေးစက်နဲ့ ပန်ကာတွေ သုံးမရလို့ ဒေသခံတွေက အာဏာပိုင်တွေအပေါ် မကျေမနပ် ဖြစ်နေကြတယ်လို့လည်း သတင်းထောက်တွေက ပြောပါတယ်။
အင်္ဂါနေ့က ကရာချိ မြို့မှာ အပူချိန် ၄၅ ဒီဂရီ ဆဲလ်ဆီးယပ်စ် (၁၁၃ ဒီဂရီ ဖာရင်ဟိုက်) အထိ ရောက်ရှိခဲ့တဲ့အတွက် ဝန်ကြီးချုပ် နာဝက်ဇ် ရှာရစ်ဖ်က အရေးပေါ် အစီအစဉ်တွေ လုပ်ဆောင်ဖို့ ညွန်ကြားထားပြီး ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ဖို့ စစ်တပ်က ကူညီလျက် ရှိတယ်လို့ သိရပါတယ်။
BBC Burmese