Pages

Wednesday, June 17, 2015

ထားဝယ်တွင် သဘာဝ ဓာတ်ငွေ့ဖြင့် လျှပ်စစ် စတင်ဖြန့်ဖြူး

 

|Dawei Watch| ထားဝယ်၊ ဇွန် ၁၇
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ သဘာဝဓာတ်ငွေ့ ဓာတ်အားပေး စက်ရုံမှ ဇွန်လ ၁၆ ရက်နေ့က ညနေက စပြီး ထားဝယ်ခရိုင်အတွင်းရှိ မြို့နှင့် ကျေးရွာများကို လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးပြီဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။
ထားဝယ်မြို့၊ သရက်ချောင်းမြို့၊ လောင်းလုံးမြို့၊ ရေဖြူမြို့၊ ကလိန်အောင်မြို့နယ်ခွဲ၊ ကံပေါက်ကျေးရွာနှင့် ဆက်စပ် ကျေးရွာများ အပါအ၀င် ရပ်ကွက်/ကျေးရွာပေါင်း ၆၀ ၀န်းကျင်ကို စတင်ဖြန့်ဖြူးခြင်းဖြစ်ကြောင်း သိရသည်။
တစ်ယူနစ် ၃၀၀ ကျပ်တန် ယင်းလျှပ်စစ်ဓာတ်အားကို စတင်ဖြန့်ဖြူးသည့် ညမှ ယနေ့ဇွန်လ ၁၇ မွန်းလွဲအထိ ဓာတ်အားလိုင်း ချွတ်ယွင်းမှု တချို့ရှိသည့်အတွက် လျှပ်စစ်မီး မကြာခဏ ပြတ်တောက်လျက်ရှိသည်ဟု ထားဝယ်မြို့ခံများက ပြောသည်။
“ဓာတ်အားလိုင်း သစ်ကိုင်းနဲ့ ညှိတာ၊ ပုတ်သင်ညိုကျတာ စတာတွေကြောင့်ပါ၊ အခုတော့ အဆင်ပြေသွားပြီ”ဟု တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှူးရုံးမှ တာဝန်ရှိသူက ဇွန် ၁၇ ရက်နေ့ ညနေပိုင်းတွင် ဆိုသည်။
ဓာတ်အားလိုင်းသွယ်တန်းရာ လမ်းတလျှောက်ရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရန် ကျန်ရှိသော ကျေးရွာများမှ ကျေးရွာ ပေါင်း ၃၀ကျော်ကို ယခုနှစ် ဒီဇင်ဘာလ မကုန်မီ ဓာတ်အားလိုင်း/ဓာတ်အားခွဲရုံ တိုးချဲ့တည်ဆောက်ရန်နှင့် အစားထိုး
ပြုပြင် နိုင်ရန် တင်ဒါခေါ်ယူလျက်ရှိကြောင်း အထက်ပါ ရုံးမှ သိရသည်။
ယင်းသို့ မဖြန့်ဖြူးမီက ထားဝယ်ဒေသတွင် ပုဂ္ဂလိကမှ ဒီဇယ်အင်ဂျင်များဖြင့် မောင်းပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေး လျက်ရှိသည်။
ပြီးခဲ့သည့် မေလက ထားဝယ်တွင် လျှပ်စစ် တစ်ယူနစ် ၃၆၅ ကျပ် ပေးဆောင်ခဲ့ရသည်။
လက်ရှိတွင် ၁ မဂ္ဂါဝပ် ဂက်စ် အင်ဂျင် ၆ လုံးဖြင့် ဖြန့်ဖြူးပေးလျက်ရှိသည်။

Dawei Watch