Pages

Wednesday, July 8, 2015

မွန်တွင် ရွေးကောက်ပွဲအတွက် အထူးရဲတပ်ဖွဲ့ဝင် ၉၀၀ ကျော် ခန့်မည်



ရဲတပ်ဖွဲ့ဝင်များကို ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ အသိပညာပေး သင်တန်းပို့ချစဉ်
ဓာတ်ပုံ - ယဉ်စနိုင်း / Dawei Watch

|Dawei Watch| မော်လမြိုင်၊ ဇူလိုင် ၈
မွန်ပြည်နယ်တွင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် လုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူး ရဲတပ်ဖွဲ့ဝင် ၉၀၀ ကျော် ခန့်အပ်သွားမည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
မွန်ပြည်နယ်အတွက် အထူးရဲတပ်ဖွဲ့ဝင်များ ခန့်အပ်ထားနိုင်ရန်အတွက် လျှောက်လွှာခေါ်ထားဆဲဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ အထွေထွေအုပ်ချုပ်ရေးရုံးနှင့် ရဲစခန်းများတွင် ကြေညာထားကြောင်း သိရသည်။
“မွန်ပြည်နယ်အတွက် ၉၃၂ ဦးခန့်ဖို့ရှိတယ်၊ လောလောဆယ် ၅၀၀ ကျော် ရထားတယ်” ဟု  မွန်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲမှူးကြီး မျိုးဆွေဝင်းက ပြောသည်။
ဇွန်လ နောက်ဆုံးအပတ်တွင် စတင်ခေါ်ယူပြီး သြဂုတ်လ ကုန်အထိ လျှောက်ထားနိုင်ကြောင်း သိရသည်။
အထူးရဲတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်လိုသူများသည် အသက် ၁၈ နှင့် ၆၀ နှစ်ကြားရှိ ကျန်းမာသန်စွမ်းပြီး ကိုယ်အင်္ဂါ မချို့ယွင်းသူ၊ ပါတီ/နိုင်ငံရေးကင်းရှင်းသူ၊ အလယ်တန်းအောင်မြင်သူ ရပ်ကွက်မှ ထောက်ခံသူ အစရှိသည့် အရည်အချင်းနှင့် ပြည့်စုံသူ မည်သူမဆို လျှောက်ထားနိုင်သည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှ သိရသည်။
ရွေးကောက်ပွဲဆိုင်ရာ အထူးရဲတပ်ဖွဲ့ဝင်များကို ရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာ သင်တန်းများပေးပြီး စက်တင်ဘာလတွင် စတင် ခန့်အပ်ကာ ရွေးကောက်ကျင်းပမည့်ကာလ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာလ ၃ လအတွင်း တာဝန် ထမ်းဆောင်ရမည်ဖြစ်သည်။
တာဝန်ထမ်းဆောင်စဉ် ၃ လအတွင်း ရဲတပ်ဖွဲ့ဝင်တဦး၏ အခြေခံလစာအဖြစ် တစ်လလျှင် ၁၂၀၀၀၀ ကျပ်နှင့် နေ့တွက်စားစရိတ် တစ်နေ့ ကျပ်တစ်ထောင်တို့ကို ခံစားခွင့်ရရှိမည်ဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးတွင် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးဆောင်ရွက်ရန် အထူးရဲတပ်ဖွဲ့ဝင် နှစ်သောင်းကျော်ခန့်အပ်မည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
Dawei Watch