Pages

Friday, July 31, 2015

မင်းပြားမြို့နယ်ပြည်သူ့ဆေးရုံရေမြုပ်၊ ကျေးရွာအချို့တွင် ကယ်သူမဲ့နေ


( ရခိုင်တွင် ရေကြီးနေစဉ်/ ဓာတ်ပုံ- အင်တာနက်)
 ဇူလှိုင် ၃၁

 ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ယနေ့ ရေအဆမတန် တက်လာရာမှ ဆေးရုံကြီးထိ ရေ၀င် ရောက်လာသဖြင့် လူနာများကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းလိုက်ရသည်ဟု သိရသည်။

“ ရေတွေက မနေ့ညနေကတည်းက ဆေးရုံ လူနာဆောင်တွေ အထဲထိ ၀င်လာတဲ့ အတွက် လူနာတွေကို အထက်တန်းကျောင်းတို့၊ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေကို ရွှေ့ပြောင်းလိုက်ရပါတယ်” ဟု ဆေးရုံနှင့် နီးစပ်သူ ဦးသန်းဝင်းက ပြောဆိုသည်။

မင်းပြားမြို့ပေါ်တွင် ယနေ့တွင် ရေ ၇ ပေ ၈ ပေထိ တက်လာပြီး ယနေ့တွင် အဆိုးရွားဆုံး ရေတက်ခြင်း ဖြစ်ကြောင်း၊ အိမ်များသာမက ဆေးရုံနှင့် ဈေးလည်း ရေနစ်မြုပ်နေကြောင်း မင်းပြားဒေသခံ ဦးသိန်းစံက ပြောသည်။

ထောင်နှင့် ချီသော မင်းပြားဒေသခံများကို ဘေးလွှတ်ရာ ဘုန်းတော်ကြီးကျောင်းများ ဖြစ်ကြသည့် သိမ်ဂုတ္တရ၊ တောင်ကျောင်း၊ ရတနာ့ဗိမာန်၊ ရွှေ့ပြောင်းထားရပြီး လူဦး ၁၀၀၀ ကျော် ခန့်ရှိကြောင်း သူက ဆိုသည်။

မင်းပြားမြို့နယ် ကျေးရွာအချို့တွင် ရွာလုံးကျွတ် ရေနစ်မြုပ်သွားပြီး ရေစီးသန်နေသဖြင့် စက်လှေများဖြင့် သွားရောက်ကယ်တင်ရန် အခက်အခဲ ဖြစ်နေကြသည်ဟု သိရသည်။
ကျေးရွာအချို့တွင် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများလည်း သေဆုံးမှုများ ရှိနေသည်ဟု သတင်း ရရှိကြောင်း ရခိုင်အမျိုးသားပါတီ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဦးလှစောက ပြောသည်။

ရခိုင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူးမှ ရေကြီးနေသဖြင့် လူထောင်နှင့် ချီပြီး ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းနေကြောင်းနှင့် ယခင်က ကြိုတင် ပို့ဆောင်သော စားနပ်ရိက္ခာများကို အရေးပေါ် ကူညီပေးနေကြောင်း ပြောကြားသည်။

၎င်းပြင် ကားလမ်းများကို ရေကျော်နေပြီး အပျက်အစီးများ ရှိနေသဖြင့် အထောက်အပံ့ ပစ္စည်းများ ပို့ဆောင်ရန် မလွယ်ကူဘဲ ဖြစ်နေရသည်ဟု ယနေ့တွင် နိရဉ္စရာသို့ ပြောဆိုသည်။

Arakan State