Pages

Tuesday, July 7, 2015

စစ်အာဏာရှင် တိုက်ပွဲ မျိုးဆက် သုံးဆက်တိုင် ဟု ကိုကိုးကျွန်းပြန်ပြော

ဓာတ်ပုံ Than Swe


Dawei Watch| မောင်းမကန်၊ ဇူလိုင် ၇

မြန်မာနိုင်ငံ တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲကို ၁၉၆၂ ခုနှစ်မှ စတင်လာခဲ့ရာ ယခုအချိန်တွင် မျိုးဆက် သုံးဆက် တိုင်ခဲ့ပြီဖြစ်ကြောင်း ကိုကိုးကျွန်းပြန်နိုင်ရေးသမား ဦးလှိုင်တင်က ပြောကြားလိုက်သည်။

ထားဝယ်ဒေသ၊ မောင်းမကန်ကမ်းခြေ၌  ဇွန်လ ၇ ရက်နေ့က ကျင်းပပြုလုပ်သော
၅၃ နှစ်မြောက် ဆဲဗင်းဂျူလိုင် (7 July) အောက်မေ့ဖွယ်အခမ်းအနားတွင် ၆၂ မျိုးဆက် ကိုကိုးကျွန်းပြန် နိုင်ငံရေးသမား ဦးလှိုင်တင်က ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ဦးနေ၀င်းခေါင်းဆောင်သော စစ်တပ်က အာဏာသိမ်းခဲ့သည့် ၁၉၆၂ ခုနှစ်မှ စတင်ခဲ့သည့်တိုက်ပွဲသည် ယနေ့ အထိ ၅၃ နှစ်တိုင်တိုင်ရှိခဲ့ပြီး ယင်းကာလတစ်လျှောက် ၆၂ မျိုးဆက်၊ ၈၈ မျိုးဆက်နှင့်
၂၀၁၅ မျိုးဆက်တို့က  စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် တိုက်ပွဲဝင်ရောက်ခဲ့ကာ လက်ရှိအချိန်တွင် မျိုးဆက် ၃ ဆက်မှ ပူးပေါင်းကာတိုက်ပွဲဝင်ရောက်လျှက်ရှိကြောင်း၎င်းက ပြောဆိုသည်။

“၂၀၁၅ အလွန်မှာလည်း စစ်အာဏာရှင်စနစ်ကို ပြင်းပြင်း ထန်ထန်တိုက်ရဦးမယ် ဆိုတာသိထားဖို့လိုတယ်”ဟု စာရေးဆရာ လူထုစိန်ဝင်း၊ ကရင်ခေါင်းဆောင် ဖဒိုမန်းငြိမ်းမောင်တို့ အပါအ၀င် အာဏာရှင် ဦးနေ၀င်းလက်ထက်တွင် စုစုပေါင်း နိုင်ငံရေးသမား ၂၂၃ ဦးနှင့်အတူ ကိုကိုးကျွန်းသို့ အပို့ခံခဲ့ရသူ ဦးလှိုင်တင် က သတိပေးပြောဆိုသည်။

 “မပြီးဆုံးသေးတဲ့တော်လှန်ရေး၊ စစ်အာဏာရှင်ဖြုတ်ချရေး အဲဒါကိုလည်း ကျွန်တော်တို့ လာမဲ့ရက်တွေမှာ ရှေ့ဆက်ရဦး မယ်ဖြစ်ပါတယ်”ဟု ထားဝယ်မြို့ရှိ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့ အစည်းမှ
ဦးကျော်ကျော်သက်က ပြော ဆိုသည်။

ရှေ့ဆက်ပြီးတိုက်ပွဲဝင်ကျရမည့် ၂၀၁၅ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ စစ်အာဏာရှင်စနစ်ကို
အမြစ်မှ တွန်းလှန်ဖြိုဖျက်နိုင်ရေး အတွက် မျိုးဆက်ဟောင်း၊ မျိုးဆက်အသစ်၊ မိမိတို့ မျိုးဆက်များ လက်တွဲညီညီဖြင့် ဦးဆောင်ပြီး လုပ် ဆောင်သွားကြရန် ဦးကျော်ကျော်သက်က
တိုက်တွန်းပြောဆိုသည်။

မောင်းမကန်ကမ်းခြေတွင် ကျင်းပခဲ့သည့် ရန်ကုန်တက္ကသိုလ်တွင် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဆောက်အအုံ ဗုံးခွဲဖျက်ဆီးခံခဲ့ရသော ဆဲဗင်းဂျူလိုင် (7 July) အောက်မေ့ဖွယ် အခမ်းအနားကို ထားဝယ်ဒေသ အခြေစိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ထားဝယ် တိုင်းရင်းသားများ ပါတီ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊
၆၂ မျိုးဆက်၊ ၈၈မျိုးဆက်နှင့် လက်ရှိ ထားဝယ်ခရိုင် တက္ကသိုလ်ကျောင်းသားများ သမဂမှ ကျောင်းသားများ စုစုပေါင်း ၈၀ ဦးကျော် တက်ရောက်ခဲ့ကြသည်။

Dawei Watch