Pages

Wednesday, July 29, 2015

ထားဝယ်တွင် တစ်သောင်းတန် အတုများ ဖမ်းမိ


|Dawei Watch| ထားဝယ်၊ ဇူလိုင် ၂၉
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မင်းဒပ်ကျေးရွာနေ အမျိုးသမီးထံမှ  တစ်သောင်းတန် ငွေစက္ကူအတု ၆ ရွက်ကို ဇူလိုင်လ ၂၆ ရက်နေ့က သိမ်းဆည်း ရမိခဲ့ကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။
အဆိုပါ အသက် ၃၅နှစ်အရွယ်ရှိ အမျိုးသမီးမှ ထားဝယ်မြို့၊ ကညုံရပ်ကွက်၊ ဒါနလမ်းရှိ ဆေးခန်းတွင် ဆေးကုသ စရိတ် ပေးချေ  စဉ် တစ်သောင်းတန် အတုဖြစ်သည်ကို ဆေးခန်းမှ သိသဖြင့် ရဲစခန်းသို့ လာရောက် သတင်းပေးသဖြင့် အထက်ပါ အမျိုးသမီး အား ခေါ်ယူစစ်ဆေးရာ တစ်သောင်းတန် အတု ၆ ရွက်ကို ဖမ်းဆီးရမိခဲ့ကြောင်း ယင်းရဲစခန်းမှတ်တမ်းအရ သိရသည်။
အဆိုပါ အမျိုးသမီးနှင့် အတူပါ အသက် ၂၅ နှစ်အရွယ် အမျိုးသားတို့ကို စစ်ဆေးရာ ထားဝယ်မြို့ ဆေးရုံလမ်းရှိ ထိုင်းငွေ လဲလှယ်နိုင်သည့် ဆေးဆိုင်တစ်ဆိုင်တွင် ထိုင်းဘတ်ငွေ ၃၀၀၀ ကို မြန်မာကျပ်ငွေ လဲလှယ်ရာမှ ရသည်ဟု အတူပါ အမျိုးသား၏ ထွက်ဆိုချက်ကို ကိုးကားပြီး ထားဝယ်မြို့မ စခန်းမှူးက ပြောသည်။
လက်ရှိတွင် ငွေလဲလှယ်ပေးသူ အပါအ၀င် ၃ ဦးစလုံးကို ဖမ်းဆီး စစ်ဆေးကာ ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၁၀၅၊ ၁၀၆ တို့အရ ထားဝယ်မြို့ခ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

Dawei Watch