Pages

Saturday, July 18, 2015

နိုင်ဂျီးရီးယား တွင် ၁၀ နှစ်အရွယ် မိန်းကလေး ၃ ဦး အသေခံဗုံးခွဲ (ရုပ်သံ)

နိုင်ဂျီးရီးယား အရှေ့မြောက်ဒေသမှာ ဇူလိုင် ၁၇ ရက်နေ့ မနက်အစောပိုင်းက  ကလေးအရွယ်  မိန်းကလေး အသေခံ ဗုံးခွဲသမား  ၃ ဦး  တိုက်ခိုက်တာကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးသွားပါတယ်။
အသက် ၁၀ နှစ် မပြည့်သေးတဲ့ မိန်းကလေးဟာ ဒမ္မာဒူလာ ဆိုတဲ့မြို့မှာ ရှိတဲ့ ဗလီမှာ  မွတ်စလင်တွေရဲ့ အိဒ်ပွဲတော်ကာလ  ၀တ်ပြုဖို့ ရောက်နေသူတွေ လုံခြုံရေးစစ်ဆေးရေး ဂိတ်ကို ဖြတ်ဖို့ တန်းစီနေချိန်မှာ တိုက်ခိုက်လိုက်တာလို့ ယိုဘီ ပြည်နယ် ရဲမင်းကြီး မာခ်ကက် ဒန်ဒါလီက ပြောပါတယ်။
အဲဒီ တိုက်ခိုက်မှုမှာ ၅ ဦးသေဆုံးပြီး ၈ ဦးလောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
နောက်တိုက်ခိုက်မှုကတော့ ယိုဘီပြည်နယ်နဲ့ ကပ်လျက်  ဂွမ်ဘီး ပြည်နယ်မြို့တော် ဂွမ်ဘီးမြို့မှာ အသက် ၁၀ နှစ်မပြည့်သေးတဲ့ မိန်းကလေး ၂ ဦးက အသေခံ ဗုံးခွဲ တိုက်ခိုက်လို့ လူသုံး ဦး သေ၊ ၁ ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်တွေ မတိုင်ခင် တရက်ကလည်း  ဂွမ်ဘီးမြို့မှာပဲ  ဗုံးခွဲမှု ၂ ခု  တပြိုင်တည်း ဖြစ်ခဲ့ပြီး လူ ၅၀ လောက် သေဆုံးခဲ့တယ်လို့ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။
တိုက်ခိုက်မှုတခုကို အမျိုးသမီး အသေခံ ဗုံးခွဲသမားက ပြုလုပ်ခဲ့ပြီး နောက်တခုက ဈေးတခုမှာ ထောင်ထားတဲ့ ဗုံးတလုံး ပေါက်ကွဲခဲ့တာလို့ အရာရှိတွေက ပြောပါတယ်။
ဘယ်အဖွဲ့ကမှ တာဝန်ခံပြီး ကြေညာတာ မရှိပေမယ့် အရင်ကလည်း ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့ဟာ ဂွမ်ဘီးမြို့မှာရှိတဲ့ ဈေးတွေနဲ့ကားဂိတ်တွေကို အခုလိုပဲ တိုက်ခိုက်ခဲ့ဖူးပါတယ်။

DVB