Pages

Friday, July 3, 2015

ထားဝယ်ဂုဏ်ဆောင် အနုပညာရှင်များကို သုခုမကြယ်စင် ဆုပေးမည်


|Dawei Watch| ထားဝယ်၊ ဇူလိုင် ၃
ထားဝယ်ဒေသကို ဂုဏ်ဆောင်နိုင်ခဲ့သည့် သက်ကြီးဝါရင့် အနုပညာရှင်များကို သုခုမကြယ်စင် ထူးချွန်ဆုများ ပေးအပ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ဖြူစင်နှလုံးသား (Good Heart) ပရဟိတဖောင်ဒေးရှင်းထံမှ သိရသည်။
ဖြူစင်နှလုံးသား ပရဟိတဖောင်ဒေးရှင်း ရန်ပုံငွေအတွက် ကျင်းပပြုလုပ်မည့် ပေးဆပ်သူတို့ နှလုံးသားဂီတ အနုပညာပွဲတော်တွင် အထက်ပါ အစီအစဉ်ကို ထည့်သွင်းထားပြီး အခမ်းအနားဖြင့် ပေးအပ်သွားမည်ဖြစ်ကြောင်း  ပွဲစီစဉ်သူ
သရုပ်ဆောင်နှင့်ဇာတ်ညွှန်း ကျော်ဗိုလ်ဗိုလ်သာက ပြောသည်။
“ဒီအစီအစဉ်လေးက ထူးထူးခြားခြားနဲ့ တစ်ခါမှ မလုပ်ဖူးသေးတဲ့ အစီအစဉ်လေးပါ” ဟု ယခင်က ကိုဗိပ်အမည်ဖြင့် အနုပညာ လှုပ်ရှားမှုများ ပြုလုပ်ခဲ့သူ ကျော်ဗိုလ်ဗိုလ်သာက ဆိုသည်။
အဆို၊ အက၊ အရေး၊ အတီး ကဏ္ဍများတွင် ထားဝယ်လူမျိုးကို ကိုယ်စားပြုနိုင်သည့် သက်ကြီး ၀ါရင့် အနုပညာရှင်များကို ရွေးချယ်ချီးမြှင့်မည်ဖြစ်ပြီး အနုပညာရှင်ကြီးများအား ဂါရ၀ပြုချီးမြှင့်တတ်စေရန်၊ ဂုဏ်ယူတန်ဖိုးထားတတ်စေရန်၊ နှစ်စဉ် ချီးမြှင့်လာကြရန် စသည့် ရည်ရွယ်ချက်များဖြင့် စီစဉ်ရခြင်းဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်းထံမှ သိရသည်။
လက်ရှိတွင် ဆိုရေးတီး ကျွမ်းကျင်သူ တစ်ဦး၊ ထားဝယ်သီချင်းများရေးသူ တစ်ဦး၊ သဘင်ပညာရှင် တစ်ဦး၊ အကပညာရှင် တစ်ဦးနှင့် ဆိုကရေးတီး ဘက်စုံ ကျွမ်းကျင်သူ တစ်ဦး စုစုပေါင်း ငါးဦးကို ချီးမြှင့်ရန် လျာထားပြီး အတိအကျကို လာမည့် ဇူလိုင်လ ၈ ရက်နေ့တွင် အတည်ပြုမည် စီစဉ်သူ ကျော်ဗိုလ်ဗိုလ်သာက ပြောသည်။
ဆုချီးမြှင့်ရန် ရွေးချယ်ခံရသူများအနက် သေဆုံးပြီးသော ပုဂ္ဂိုလ်များပါဝင်ပါက ၎င်း၏ မိသားစုဝင်များကို ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်း ဂီတအနုပညာပွဲတော်ကို သြဂုတ်လ ၂၉ နှင့် ၃၀ ရက်တို့တွင် ကျင်းပရန် လျာထားပြီး သုခမ ကြယ်စင် ထူးချွန်ဆု ချီးမြှင့် သည့် အခမ်းအနားနှင့်အတူ ဖြူစင်နှလုံးသား အလှပိုင်ရှင် အလှမယ်ရွေးချယ်ပွဲနှင့် ဂီတဥယျာဉ် တေးသီးချင်း ပြိုင်ပွဲများ၏ နောက်ဆုံးအဆင့်ပြိုင်ပွဲများကိုပါ ကျင်းပသွားမည်ဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်းထံမှ သိရသည်။
Dawei Watch