Pages

Sunday, July 26, 2015

တိုင်းရင်းသား တပ်ဖွဲ့ခေါင်းဆောင်များ ချင်းမိုင်တွင် ဆွေးနွေး



ရန်ကုန်၊ ငြိမ်းချမ်းရေးစင်တာဆွေးနွေးပွဲက ပြန်လာတဲ့ တိုင်းရင်းသား အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့ထိပ်သီးခေါင်းဆောင်တို့ ဆွေးနွေးပွဲတခုကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဇူလိုင် ၂၆ရက် မနက်ပိုင်းက စတင်ကျင်းပပြုလုပ်နေပါတယ်။
သြဂုတ်လဆန်းပိုင်းမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် အချောသတ်နိုင်ရေး အစိုးရနဲ့တိုင်းရင်းသားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးပွဲမတိုင်မီ တိုင်းရင်းသား တပ်ဖွဲ့ခေါင်းဆောင်တွေ အကြိုညှိနှိုင်း ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။
အစိုးရနဲ့ တိုင်းရင်းသားတို့ကြား စာချုပ်မှာ တပ်ဖွဲ့အားလုံး ပါဝက်လက်မှတ်ထိုးဖို့ ကိစ္စ၊ စာချုပ်မှာ ဘယ်သူတွေ လက်မှတ်ထိုးမလဲဆိုတဲ့ကိစ္စနဲ့ အသိသက်သေအဖြစ် ဘယ်သူတွေ ပါဝင်လက်မှတ်ထိုးမလဲဆိုတဲ့ ကိစ္စရပ်တွေ ဆက်လက်ဆွေးနွေးညှိနှိုင်းဖို့ ကျန်ရှိနေပါတယ်။
အစိုးရဘက်က တပ်ဖွဲ့ ၁၅ ခုနဲ့ပဲ အပစ်ရပ်လက်မှတ်ထိုးဖို့ လိုလားနေပြီး တိုင်းရင်းသားတို့ဘက်က တပ်ဖွဲ့အားလုံး ပါဝက်လက်မှတ်ထိုးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။
အစိုးရဘက်က ရွေးကောက်ပွဲမတိုင်မီ တနိုင်ငံလုံး အပစ်ရပ်စာချုပ်လက်မှတ်ထိုးဖို့ ဆန္ဒရှိနေပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ဘက်ကလည်း အခု အစိုးရလက်ထက် လက်မှတ်ထိုးချင်တယ်လို့ ထုတ်ဖော်ပြောဆိုထားကြတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – အောင်မိုးမြင့်
 DVB