Pages

Saturday, July 11, 2015

တနင်္သာရီတွင် တ.စ.ည ပါတီ ကိုယ်စားလှယ်လောင်း ၃၂ နေရာ ၀င်ပြိုင်မည်

|Dawei Watch | ထားဝယ်၊ ဇူလိုင် ၁၁
လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီမှ တနင်္သာရီတိုင်းဒေသကြီးအတွင်း ကိုယ်စားလှယ်လောင်း ၃၂ နေရာ ၀င်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။
တိုင်းအတွင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၈ နေရာ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၈ နေရာ၊ တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ၁၇ နေရာနှင့် တိုင်းဒေသကြီး မွန်တိုင်းရင်းသား ကိုယ်စားလှယ် ၁ နေရာ တို့ကို ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပါတီ၏ တိုင်းဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောကြားသည်။
“နိုင်မယ်လို့ သေချာတဲ့ နေရာတွေကိုပဲ ၀င်ဖို့ ဆုံးဖြတ်ထားတာပါ” ဟု ဦးထွန်းလွင်က ပြောသည်။
တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ ၀င်ရောက် မယှဉ်ပြိုင်သည့် မဲဆန္ဒယ်များမှာ ပုလော အမျိုးသား လွှတ်တော် မဲဆန္ဒနယ်နှင့် ကျွန်းစုအမျိုးသားလွှတ်တော် မဲဆန္ဒနယ်တစ်ခု၊ ရေဖြူနှင့်လောင်းလုံး ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် များနှင့် အချို့မြို့နယ်များရှိ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်များဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။
“ကိုယ်စားလှယ်လောင်း ၃၂ ယောက်ကိုတော့ အပြီးသတ် ရွေးချယ်ထားပြီးပြီ။ အခုအချိန်မှာ ဘယ်သူတွေဆိုတာကို ထုတ်ပြောဖို့ကတော့ စောနေသေးတယ်” ဟု ၎င်းက ဆိုသည်။
တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲ ၀င်ခွင့် အာမခံငွေ ကျပ်  ၃ သိန်းစီကို ပါတီမှ အကုန်ကျခံ ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။

Dawei Watch