Pages

Monday, July 6, 2015

တအာင်းတပ်မတော် တိုက်ပွဲလျှော့ချပြီး အပစ်ရပ်လက်မှတ်ရေးထိုးမည်ဟု ထုတ်ပြန်


တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) အနေနဲ့ ရှေ့လျှောက်တိုက်ပွဲတွေ လျှော့ချပြီး အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အတူ တပြည်လုံး အပစ်ခတ်ရပ်စဲရေးစာချုပ် (အန်စီအေ)မှာ  ပါဝင်လက်မှတ်ထိုးဖို့အသင့် ရှိတယ်လို့ ထုတ်ပြန်ကြေညာလိုက်တယ်။
ခုလိုထုတ်ပြန်ရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး တီအန်အယ်လ်အေ သတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ခံ မိုင်အိုက်ကျော်က “စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးစတင်နိုင်ဖို့၊ တိုက်ပွဲကြောင့် တအာင်းပြည်သူတွေ စစ်ဘေးဒဏ်ခံစားနေရတာတွေကို စာနာလို့၊  ပြီးတော့  လော်ခီးလာထိပ်သီးစည်းဝေးပွဲမှာ ချမှတ်ခဲ့တဲ့ သဘောထားကိုလည်း ကြိုဆိုတယ်။ ဒါကြောင့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံး အန်စီအေကို လက်မှတ်ရေးထိုးမယ်ဆိုရင် ကျနော်တို့လည်း လက်မှတ်ထိုးဖို့ အသင့်ရှိတယ် ဆိုတဲ့အကြောင်း ထုတ်ပြန်တာပါ။”လို့ ဒီဗွီဘီကိုပြောပါတယ်။
တီအန်အယ်လ်အေဟာ ၂၀၁၅ ခုနှစ်ထဲမှာ အစိုးရတပ်နဲ့ ထိတွေ့ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတာဖြစ်ပြီး ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပြီးတဲ့နောက်မှာတော့ မိမိကိုယ်မိမိ ခုခံရုံမှအပ  နှစ်ဘက်ထိတွေ့တိုက်ခိုက်မှုကို အတတ်နိုင်ဆုံးရှောင်ရှားသွားမယ်လို့ ပြောပါတယ်။
ဒါပေမယ့် ကြေညာချက်ထုတ်ပြန်တဲ့ ဒီကနေ့မနက်ပိုင်းမှာဘဲ ရှမ်းပြည်မြောက်ကပိုင်း နမ္မတူမြို့ နယ် နမ့်တောဝ်ကုန်းရွာအနီးမှာ အစိုးရတပ်နဲ့  တအာင်းတပ်ဖွဲ့တို့အကြား ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ ပါတယ်။
ဇူလိုင်လ ၄ ရက်နေ့ကတော့ အစိုးရတပ်က တအာင်းတပ်ဖွဲ့ဝင် ၂ ဦးကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့  နိုင်ငံပိုင်သတင်းမှာ ဖော်ပြပါတယ်။
တအာင်းအဖွဲ့ကတော့ အစိုးရဖမ်းဆီးထားသူတွေဟာ သူတို့အဖွဲ့ဝင် တကယ် ဟုတ်မဟုတ် စိစစ်နေဆဲဘဲလို့ ပြောပါတယ်။
အစိုးရကတပြည်လုံးအပစ်ခတ်ရပ်ရေး၊ ငြိမ်းချမ်းရေးအတွက် တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် တီအန်အယ်လ်အေနဲ့တော့ ၂၀၁၃ ခု နှစ် ဇူလိုင်လက  မူဆယ်မြို့မှာ တကြိမ်သာ တွေ့ဆုံဆွေးနွေခဲ့ပါတယ်။
အစိုးရနဲ့ ဒုတိယအကြိမ်ထပ်မံ တွေ့ဆုံဖို့ တီအန်အယ်လ်အေက ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ကို စာ ၄ ကြိမ်ခန့်ပေးပို့ ထားပါတယ်။
တီအန်အယ်လ်အေအဖွဲ့ဟာ အစိုးရနဲ့ ပြည်နယ်အဆင့်ရော ပြည်ထောင်စုအဆင့်ပါ ပဏာမ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့အတွက် အစိုးရဘက်က ဆွေးနွေးဖို့ ကမ်းလှမ်းခြင်းမရှိတာလို့  တီအန်အယ်လ်အေ သတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ခံ မိုင်အိုက်ကျော်က ပြောပါတယ်။
DVB