Pages

Thursday, July 30, 2015

မွန်တွင် တပ်တွင်း မဲရုံ ၆၁ ရုံ ထားမည်

မွန်တွင် တပ်တွင်း မဲရုံ ၆၁ ရုံ ထားမည်
|Dawei Watch| မော်လမြိုင်၊ ဇူလိုင် ၂၈
လာမည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း၌ မဲရုံပေါင်း ၉၃၄ ရုံထားရန် လျာထားပြီး တပ်မတော်သားများအတွက် တပ်  တွင်းမဲရုံ ၆၁ ရုံ ထားမည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
တပ်တွင်း မဲရုံများအတွက် မဲရုံဝန်ထမ်းကို တပ်မတော်သားများအား ခန့်ထားမည် မဟုတ်ဘဲ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာ သူများ၊ မီဒီယာသမားများ လွတ်လပ်စွာ ဝင်ထွက် သွားလာခွင့် ရှိမည်ဟု ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဒုတိယ ညွှန်ကြားရေးမှူး ဦးဟိဏ်းလင်းထက်က ပြောသည်။
“မဲရုံကတော့ အရပ်ဘက် မဲရုံပဲဖြစ်ဖြစ် တပ်ထဲမှာပဲဖြစ်ဖြစ် ကေအန်ယူ နယ်မြေထဲက မဲရုံဖြစ်ဖြစ် ရပိုင်ခွင့်က အတူတူပဲ ဖြစ်ရ မယ်၊ ပြည်သူတွေ လွတ်လွတ်လပ်လပ် မဲထည့်နိုင်အောင် စီမံထားတယ်” ဟု ဦးဟိဏ်းလင်းထက်က ပြောသည်။
မွန်ပြည်နယ်တွင် လျာထားသည့် မဲရုံများအတွက် မဲရုံဝန်ထမ်း အင်အား ၁၈၀၀၀ ခန့် ခန့်အပ်သွားရန် လျာထားကြောင်း ပြည်နယ် ကော်မရှင်ထံမှ သိရသည်။
မဲဆန္ဒရှင် ၃၀၀ မှ ၃၀၀၀ ထိရှိလျှင် မဲရုံတစ်ရုံထားရန် သတ်မှတ်ထားပြီး မဲရုံတစ်ရုံတွင် မဲရုံမှူး ၁ ဦး၊ ဒုတိယ မဲရှုံမှူး ၁ ဦး၊ မဲစာ ရင်း စစ်ဆေးသူ ၃ ဦး၊ ဆန္ဒမဲ လက်မှတ်ထုတ်ပေးသူ ၃ ဦး၊ မဲရုံ လုံခြုံရေး ၁ ဦးနှင့် လက်များကို မှင်တို့ပေးမည့်အဖွဲ့ဝင် ၁ ဦး စုစုပေါင်း မဲရုံဝန်ထမ်း ၁၀ ဦး သတ်မှတ်ထားပြီး လိုအပ်ပါက မဲရုံ ဝန်ထမ်း တိုးချဲ့ခန့်အပ်နိုင်ကြောင်း ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်တွင် ဖော်ပြထားသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲအတွက် မွန်ပြည်နယ် ဘီးလင်းမြို့နယ် အတွင်းရှိ ဘောနော်ခီးကျေးရွာ အုပ်စုတစ်ခုမှအပ ကျေးရွာအုပ်စု အားလုံးတွင် ရွေးကောက်ပွဲကျင်းပနိုင်မည်ဟု ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က ပြောသည်။
Dawei Watch