Pages

Saturday, July 4, 2015

အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၃၆၀၀ သတ်မှတ်မှုကို အခြားခံစားခွင့်များ ပါဝင်မှသာ လက်ခံမည်ဖြစ်ပြီး တရုတ်၊ ကိုရီးယား အထည်ချုပ်လုပ်ငန်းရှင်များအနေဖြင့် မြန်မာလုပ်သားများအား ငွေဝယ်ကျွန်အဖြစ် မမြင်ရန် အလုပ်သမားအဖွဲ့အစည်းများ ပြောကြား

အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၃၆၀၀ သတ်မှတ်မှုကို အခြားခံစားခွင့်များ ပါဝင်မှသာ လက်ခံနိုင်မည်ဖြစ်ပြီး တရုတ်၊ ကိုရီးယားအထည်ချုပ်လုပ်ငန်းရှင်များအနေဖြင့် မြန်မာလုပ်သားများကို ငွေဝယ်ကျွန်အဖြစ် မမြင်ဘဲ လူသားတစ်ဦးအဖြစ်သာ မြင်ပေးရန်  အလုပ်သမားအဖွဲ့အစည်းများက ဇူလိုင် ၃ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
မြန်မာနိုင်ငံရှိ အလုပ်သမားများအနေနှင့် အစိုးရ၀န်ထမ်းများ၏ အနိမ့်ဆုံးလစာထက်ပင် နည်းပါးနေသည့် ကျပ် ၃၆၀၀ သတ်မှတ်မှုကို လက်မခံနိုင်ဘဲ အခြေခံလစာနှင့်အတူ ခရီးစရိတ်(ဖယ်ရီ)၊ နေထိုင်စရိတ်နှင့် လုပ်ငန်းခွင်ပညာသင်ကြားခွင့်များ သတ်မှတ်ပေးရန်နှင့် လုပ်သက်အကျိုးခံစားခွင့် တစ်နှစ်လျှင် ကျပ် ၁၀၀၀၀ ပေးရန်နှင့် အဆိုပါ တောင်းဆိုချက်များရရှိမှသာ အစိုးရ၏ ကျပ် ၃၆၀၀ သတ်မှတ်မှုကို လက်ခံမည်ဖြစ်ကြောင်း ဇူလိုင် ၃ ရက်တွင် သဘောထားထုတ်ပြန်မှုကိုလည်း ပြုလုပ်ခဲ့သည်။
အဆိုပါ သဘောထားထုတ်ပြန်မှုနှင့် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရုံး၌ ဇူလိုင် ၃ ရက်က ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ တောင်သူလယ်သမားစိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ်၊ မြန်မာနိုင်ငံကျောင်း ဆရာ/ဆရာမများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံပင်လယ်ရေကြောင်း အလုပ်သမားများအဖွဲ့ချုပ်နှင့် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်စသည့် အဖွဲ့ချုပ်ငါးခုမှ  ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
အလုပ်သမားများအနေနှင့် ရန်ကုန်မြို့ အပါအ၀င် မြန်မာနိုင်ငံရှိ ဒေသအသီးသီးတွင် စစ်တမ်းများကောက်ယူခဲ့မှုအရ တစ်ရက်လျှင် လုပ်ခလစာ ကျပ် ၅၆၀၀၊ ကျပ် ၆၀၀၀၊ ကျပ် ၇၀၀၀၊ ကျပ် ၈၅၀၀ အစရှိသည်ဖြင့် တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း အလုပ်သမားအဖွဲ့ချုပ် ငါးခုအနေနှင့် အဖြစ်နိုင်ဆုံးနှင့် အသင့်လျော်ဆုံးဖြစ်သည့် တစ်နာရီကျပ် ၅၀၀ နှင့် တစ်ရက်လျင် ကျပ် ၄၀၀၀ ကို လက်ခံသဘောတူရန် ကြိုးပမ်းခဲ့ရကြောင်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်လင်းက ဆိုသည်။
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက သတ်မှတ်သည့် ကျပ် ၃၆၀၀ ကို နောက်ဆုံးအဆင့်အနေနှင့် လက်ခံလိုက်ခြင်းသာဖြစ်ပြီး ထပ်မံညှိနှိုင်းရန်မရှိတော့ကြောင်းနှင့် ထိုသို့ လက်ခံရာတွင်လည်း ခရီးစရိတ်(ဖယ်ရီ)၊ နေထိုင်စရိတ်နှင့် လုပ်ငန်းခွင်ပညာသင်ကြားခွင့်များ သတ်မှတ်ပေးရန်နှင့် လုပ်သက်အကျိုးခံစားခွင့် တစ်နှစ်လျင် ကျပ် ၁၀၀၀၀ ပေးဆောင်ရန် စသည့်အချက်များ ပါဝင်ရန် လိုအပ်မည်ဖြစ်ကြောင်း အလုပ်သမားသမဂ္ဂများက သဘောထားထုတ်ပြန်သည်။ ထိုသို့ အလုပ်သမားများက ကျပ် ၃၆၀၀ သတ်မှတ်မှုကို လျှော့ချလက်ခံခဲ့ရခြင်းမှာ အလုပ်သမားဝန်ကြီးဌာန၏ အဆိုပြုမှုအပေါ် အလုပ်ရှင်၊ အလုပ်သမား ကောင်းမွန်သည့် ဆက်ဆံရေးတစ်ရပ် ထူထောင်နိုင်မည့် အမြော်အမြင်ဖြင့်သာ လက်ခံခဲ့ခြင်းဖြစ်ကြောင်း သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအနေဖြင့် တစ်ရက်အနည်းဆုံး အခကြေးငွေ တစ်ရက်လုပ်ခ ကျပ် ၃၆၀၀ သတ်မှတ်ပါက လာမည့် စက်တင်ဘာလတွင် စက်ရုံပိတ်သိမ်း၍ အိမ်ပြန်ကြမည်ဖြစ်ကြောင်း ဖြစ်ကြောင်း တရုတ်နှင့် ကိုရီးယားအထည်ချုပ်လုပ်ငန်းရှင်များက ဇူလိုင် ၂ရက်တွင် ပြုလုပ်သည့် အထည်ချုပ်လုပ်ငန်းရှင်များအသင်း အစည်းအဝေးတွင် ခြိမ်းခြောက်ပြောဆိုမှု ပြုလုပ်ခဲ့သည်။ ထိုသို့ ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သည့်အပြင် အစိုးရက ကျပ် ၃၆၀၀ သတ်မှတ်လိုက်၍ စက်ရုံပိတ်သိမ်းကာ အိမ်ပြန်ရပါက အစိုးရ၏ လုပ်ဆောင်ချက်ကြောင့်သာ စက်ရုံပိတ်သိမ်းခဲ့ရသည့်အတွက် သတ်မှတ်နစ်နာကြေးများ၊ လျော်ကြေးများ ပေးနိုင်မည်မဟုတ်ကြောင်း တရုတ်အထည်ချုပ်လုပ်ငန်းရှင်များက ထပ်ဆင့်ခြိမ်းခြောက်ခဲ့သည်။ 
ထိုသို့ အထည်ချုပ်လုပ်ငန်းရှင်အသင်းအနေနှင့် ကန့်ကွက်သည့် အစည်းအဝေးပြုလုပ်ခဲ့သော်လည်း လာရောက်သည့် လုပ်ငန်းရှင်ပေါင်းမှာ အထည်ချုပ်လုပ်ငန်းရှင်များ၏ ထက်ဝက်ပင်မရှိသည့် ၁၄၅ ဦးသာ တက်ရောက်ခဲ့သည်။
“လောလောဆယ်မှာ ကန့်ကွက်မှုတွေ ပေါ်နေတယ်။ ဘယ်သူတွေက ကန့်ကွက်လဲဆိုတော့ အလုပ်ရှင်တွေက ကန့်ကွက်တယ်။ ၃၆၀၀ ကျပ်ဆိုတဲ့ စကားလုံးပေါ်မှာပဲ သူတို့ ပေးရတာ တော်တော်များတယ်ဆိုပြီးတော့ ကန့်ကွက်နေတယ်။ စက်ရုံပိတ်သိမ်းဖို့အထိ တရုတ်နဲ့ ကိုရီးယား အထည်ချုပ်စက်ရုံတွေက မကိုက်ဘူးဆိုပြီးတော့ ပြောလာတယ်။ ကျွန်တော်ကတော့ အကျပ်ကိုင်တယ်လို့ပဲမြင်တယ်။ ကျွန်တော်တို့ကို ငွေဝယ်ကျွန်လို့ သဘောမထားစေချင်ဘူး။ ကိုရီးယားနိုင်ငံမှာဆိုလို့ရှိ ရင် ဒီအထည်ချုပ်လုပ်မယ့် အလုပ်သမားတစ်ယောက်ရဲ့ လုပ်ခစရိတ်က အနည်းဆုံးက တော့ ၁၂ သိန်းနဲ့ ၁၅ သိန်းကြားမှာ မပေးရင်မရပါဘူး။ အလုပ်သမားဟာ အဲဒီ ၁၂ သိန်းနဲ့ ၁၅ သိန်းကြားမှာ မပေးရင်  ငှားဖို့တော့ လုံးဝမဖြစ်နိုင်ဘူး။ ကျွန်တော်တို့ နိုင်ငံမှာ အလုပ်သမားတွေကို တစ်ရက်ကို ၂၅၀၀ ကျပ်ပေးဖို့။ ပြောရမယ်ဆိုရင် တစ်ရက်ကို ၅၀၀ ကျပ်ပေးဖို့တောင်မှ အခက်အခဲဖြစ်နေတယ်လို့ တွေ့ရတဲ့အခါမှာ ကျွန်တော်တို့နိုင်ငံကို ဂုပ်သွေးစုပ်ဖို့ လာသလား။ ကျွန်တော်တို့ မြန်မာလူမျိုးတွေကိုများ ငွေဝယ်ကျွန်လိုသဘောထားပြီး တော့ လုပ်ငန်းကို လာလုပ်တာလားဆိုတဲ့ မေးခွန်းထုတ်ရပါမယ်။ နောက်ပြီးတော့ ကျွန်တော်တို့ လွတ်လပ်တဲ့ ပြိုင်ဆိုင်မှုစနစ်ကို စလာပြီဆိုရင် ဒီစီးပွားရေးလုပ်ငန်းရှင်တွေ ထွက်သွားပြီဆိုရင် ကျွန်တော်တို့က ရဲရဲတင်းတင်းပဲ ကျန်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ Europe က လုပ်ငန်းရှင်တွေ တံခါးဖွင့်ပေးထားဖို့လိုတယ်။ ကျွန်တော်တို့ကတော့ အဲဒီနည်းနဲ့ပဲ သွားချင်တယ်။ ထွက်သွား ဘာမှမဖြစ်ဘူး။ အလုပ်သမားကို အလုပ်သမားလို့ တန်ဖိုးထားတဲ့ အလုပ်ရှင်တွေပဲ မြန်မာပြည်က ကြိုဆိုတယ်။ လိုအပ်တယ်။ အလုပ်သမားတွေကို ကျွန်လို သဘောထားတဲ့ အလုပ်သမားတွေကို မြန်မာပြည်မှာ မလိုအပ်ဘူးလို့ ဒီကနေ ရဲရဲတင်းတင်းပြောချင်တယ်။ ထွက်သွားတာ ဂုဏ်တောင်ယူသေးတယ် ကျွန်တော်တို့က။ ဘာကြောင့်လဲဆိုလို့ရှိရင်  ဖြစ်လိုက်သမျှ ဒီဆန္ဒပြပွဲတွေ ကြည့်မယ်ဆိုရင် ကိုရီးယားဖြစ်ရင်ဖြစ် မဖြစ်ရင် တရုတ်ပဲ”ဟု ဒေါက်တာအာကာမိုးသူက ပြောကြားသည်။
“ကျပ် ၃၆၀၀ ကို နောက်ဆုံးအနေနဲ့ လက်ခံလိုက်တာ ကျွန်တော်တို့ အလုပ်သမားတွေရဲ့ မျက်ရည်နဲ့ ရင်းထားပြီး လက်ခံလိုက်ရတာပါ။ ဒီလိုလက်ခံရတာကလည်း မြန်မာနိုင်ငံမှာ အလုပ်သမားတွေအတွက် အခကြေးငွေသတ်မှတ်ချက် ဥပဒေထွက်ဖို့ လိုအပ်နေလို့ အလျှော့ပေးပြီး လက်ခံခဲ့တာပါ။ ဥပဒေမထွက်သရွေ့ နစ်နာနေရတာက အလုပ်သမားပါပဲ။ တကယ်ဆို ၂၀၁၄ ခုနှစ် ကတည်းက ဒီအနည်းဆုံးအခကြေးငွေ ထွက်ခဲ့ရမှာ။ အခုဆိုရင်တောင် တစ်နှစ်လောက် နစ်နာနေပြီ”ဟု အလုပ်သမားကိုယ်စားလှယ်တစ်ဦးဖြစ်သူ  မြန်မာနိုင်ငံ တောင်သူလယ်သမားစိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးဇာနည်သွေးက ပြောကြားသည်။
အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၃၆၀၀ သတ်မှတ်မှုကို အခြားခံစားခွင့်များ ပါဝင်မှသာ လက်ခံနိုင်မည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ချက်နှင့် အဆိုပါအကြောင်းအရာများကို လာမည့်ရက်ပိုင်းအတွင်း အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးဇာနည်သွေးက ဆက်လက်ပြောသည်။
Writer: 
ဖြိုးဝေ၊ ဇော်ဝေ Eleven Media Group