Pages

Tuesday, July 21, 2015

ဝကုန်းချောင်း ရေနောက်မှု ကုမ္ပဏီနှင့်မဆိုင်ဟု ဗြောင်ငြင်း





|Dawei Watch| ထားဝယ်၊ ဇူလိုင် ၁၉
ဝကုန်းချောင်းရေနောက်ကျိမှုသည် ၀ကုန်းချောင်းဖျားတွင် သတ္တုတူးဖော်လျက်ရှိသည့် အရှေ့တိုင်းသတ္တုတူး ဖော်ရေးကုမ္ပဏီ၏ စွန့်ပစ်မြေစာများကြောင့် ဒေသခံများက ပြောသည်ကို ယင်းကုမ္ပဏီ အထွေထွေမန် နေဂျာ ဦးဝင်းမောင်က ၎င်းတို့နှင့်
မဆိုင်ဟု ငြင်းဆိုသည်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်၊ ၀ကုန်ကျေးရွာအတွင်း သတ္တုတူးဖော်ရေးလုပ်ငန်းများနှင့် ပက်သက်၍ အမှတ် (၂)သတ္တုတွင်းလုပ်ငန်းနှင့် သက်ဆိုင်ရာ ဌာနများ၊ သတ္တုမိုင်းတူးဖော်သည့် ကုမ္ပဏီများ၊ ၀ကုန်းကျေရွာနှင့် ပေါက်တိုင်ချောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများနှင့် ဇူလိုင်လ ၁၇ ရက်နေ့က ထားဝယ်မြို့၊ ဇေယျာထက်စံဟိုတယ် ခန်းမ၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
“ဒီနှစ်မှာ မိုးကြီးတယ် ရေကြီးတယ်၊ တောင်တွေပြိုတယ်၊ ပြိုလို့ ဆင်းလာတဲ့ဟာကို အကုန်လုံးရှင်းရမယ်ဆိုရင် ကျွန်တော့်
လူတွေအနေနဲ့လည်း မတတ်နိုင်ဘူး၊ ဒါသဘာဝကြောင့် ဖြစ်လာတာ၊ သဘာဝဘေးကြောင့်ဖြစ်လာတာ”ဟု ဦးဝင်းမောင်က ဆင်ခြေပေးသည်။
ကုမ္ပဏီဘက်က ယင်းသို့ ပြောသော်လည်း ၀ကုန်းချောင်း ရေမှာ နွေရာသီတွင်လည်း မိုင်းရေများကြောင့် နောက်ကျိနေသည်ဟု ဒေသခံတစ်ဦးက ယင်းဆွေးနွေးပွဲတွင် ထောက်ပြခဲ့သည်။
သတ္တု ထုတ်ယူရာတွင် နုန်းစစ်ကန် ၃ ကန်ထားပြီး အဆင့်ဆင့် သန့်စင်သည်ဟု ကုမ္ပဏီဘက်က ပြောသော်လည်း ယင်းသို့ အဆင့်ဆင့် သန့်စင်သည်ကို မတွေ့ရဘဲ ဖောက်ချလိုက်သည်ကိုသာ တွေ့ရကြောင်း ပေါက်တိုင်းချောင်းဖျားဒေသ
ဖွံ့ဖြိုးရေး ကော်မတီ အတွင်းရေးမှူး ဦးဖိုးနီက ဝေဖန်သည်။
“ကုမ္ပဏီက မိုကြီးလို့ ရေကြီးလို့ပြောတယ်၊ ၀ကုန်းရွာမှာ ဒီထက်ကြီးတဲ့ မိုးတွေလာတယ် ဘာမှမဖြစ်ဖူးဘူး၊ ခြံတစ်ခြံမှ
မပျက်ဖူးဘူး၊ ငါနဲ့ မဆိုင်ဘူး ဆိုပြီးပြောတာ အရမ်းဝမ်းနည်းတယ်”ဟု ဦးဖိုးနီက ဆိုသည်။
ယင်းချောင်းသည် ယခင်က ကြည်စိမ်းနေသည့် ချောင်းတစ်ခုဖြစ်ကာ ဒေသခံများက သောက်ရေ သုံးရေအတွက် အသုံးပြုကြသည်ဟု သိရသည်။
ယင်းကုမ္ပဏီက လုပ်ငန်း စတင် လုပ်ကိုင်သည့် ၂၀၁၂ ခုနှစ်နောက်ပိုင်းမှ စပြီး ချောင်းရေ တဖြည်းဖြည်း နောက်ကျိလာကာ လက်ရှိတွေ သောက်ရေ သုံးရေအတွက်လုံးဝ သုံးမရတော့သည့်အပင် ချောင်းအတွင်းတွင် ငါး၊ ကဏန်းကဲ့သို့သော် အခွံ့မာသည့် ရေသတ္တ၀ါများ၊ ဖား စသည်တို့ ရှားပါးသွားသည်ဟု ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် သောက်ရေ သုံးရေအတွက် ရေတံခွန်ရှိသည့် နေရာကို ရှာပြီး သုံးစွဲနေရကြောင်း ဒေသခံများက ဖွင့်ဟသည်။
ယင်းကုမ္ပဏီမှ လုပ်ကိုင်နေသည့် ဘ၀ပင် သတ္တုမိုင်း B4 လုပ်ကွက်မှ ထွက်ရှိလာသော နှောက်ကျိနေသော ရေများနှင့် ယင်း လုပ်ကွက်မှ စွန့်ပစ် မြေစာစုပုံသည့် သံထောက်ဖက်မှ စီးဆင်းလာသော နုန်းမြေနှင့် မိုင်းရေများ ရေဖြူချောင်း အတွင်းသို့ စီးဝင် လာသဖြင့် ရေဖြူချောင်း အထက်ဖက်ရှိ နေရာများ တိမ်ကော့ သွားခဲ့ရကြောင်း ၀ကုန်းကျေးရွာမှ ဒေသခံများထံမှ သိရသည်။
ယင်းနှုံးမြေစာနှင့် မိုင်းရေများသည် ၀ကုန်ချောင်းမှတဆင့် လမ်းတစ်လျောက်သတ္တုမိုင်းများမှ စွန့်ပစ်မြေစာနှင့် မိုင်းဆေး ရေများ နှင့် ပေါင်းကာ ပကာရီချောင်း၊ ပေါက်တိုင်ချောင်းမှတဆင့် ထားဝယ်မြစ်အတွင်းသို့ စီးဆင်းခဲ့သည်။
ပေါက်တိုင်ချောင်း တစ်လျှောက် ရေနောက်ကျိသည်ကို မည်သည့်ကုမ္ပဏီမှ တာဝန်ယူမှု ဖြေရှင်းခြင်းမရှိ၍ ချောင်းတစ်လျှောက်ရှိ သတ္တုမိုင်းများကို ခွင့်မတောင်းဘဲ အသိပေးရုံ အသိပေးကာ  ပေါက်တိုင်ချောင်းဖျားဒေသ ဖွံ့ဖြိုးရေး ကော်မတီက ၀င်ရောက် စစ်ဆေးမည်၊ သတ္တုမိုင်းကုမ္ပဏီများကို စောင့်ကြည့်သွားမည်ဟု ဦးဖိုးနီက ပြောဆိုသည်။
လက်ရှိ အချိန်တွင် ပေါက်တိုင်ချောင်းဖျားရှိ  ဘ၀ပင်သတ္တုမိုင်းကို အရှေ့တိုင်း သတ္တုတူးဖော်ရေး ကုမ္ပဏီက အသေးစား လုပ်ကွက်ကို လုပ်ကိုင်လျက်ရှိပြီး Mining World ကုမ္ပဏီက ပကာရီ သတ္တုမိုင်းတွင် အကြီးစား သတ္တု တူးဖော်လုပ်ကိုင် လျက်ရှိသည်ဟု သိရသည်။
ယင်းပေါက်တိုင်းချောင်းအတွင်း ထားဝယ်မြေ ကုမ္ပဏီနှင့် ရွှေသခင် ကုမ္ပဏီတို့ စမ်းသပ်လုပ်ကွက်ကို လုပ်ကိုင်လျက်ရှိသည်ဟု သိရသည်။
တနင်္သာရီတိုင်းဒေသကြီး အစိုရအဖွဲ့မှ တာဝန်ထမ်းဆောင် ပြီးနောက် သတ္တုမိုင်းများမှ စွန့်ပစ်မြေစာနှင့် ညစ်ညမ်းရေများ စီးဆင်း လာခြင်းကြောင့် ပေါက်တိုင်းချောင်း၊ မြောင်းပြိုချောင်းနှင့် တနင်္သာရီမြစ်ရေတို့ နောက်ကျိသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
Dawei Watch