Pages

Tuesday, July 14, 2015

ထားဝယ် လယ်သမားတစ်ဦးကို နေအိမ်တွင် ညဘက်ဝင်ဖမ်း


ထားဝယ်ခရိုင်တရားရုံးရှိ အချုပ်ခန်းတွင်တွေ့ရသည့် ဦးသောင်းညွန့်
ဓာတ်ပုံ - ရဲထွဋ်/ Dawei Watch

|Dawei Watch| ထားဝယ်၊ ဇူလိုင် ၁၄
ထားဝယ်မြို့တွင် အကောင်အထည်ဖော်နေသည့် မြို့ပြစီမံကိန်းဧရိယာအတွင်းမှ လယ်ယာမြေ သိမ်းဆည်းခံ လယ်သမား တစ်ဦး ကို ဇူလိုင်လ ၁၃ ရက်နေ့ ည ၈ နာရီ ၀န်းကျင်က နေအိမ်တွင် ရဲတပ်ဖွဲ့ဝင်များ လာရောက် ဖမ်းဆီးသွားကြောင်း ကာယကံရှင်၊ လယ်သမားများနှင့် မိသားစုဝင်များထံမှ သိရသည်။
ဖမ်းဆီးခံရသူသည် ယင်းမြို့ပြစီမံကိန်း အကောင်အထည်မည့် လယ်ယာမြေကိစ္စ အငြင်းပွားမှုကြောင့် ထောင်ကျ ခဲ့ဖူးသည့် လယ်သမား၉ ဦးတွင် ပါဝင်သူ ဦးသောင်းညွှန့်ဖြစ်ပြီး မည့်သည့်ပုဒ်မဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ကိုမူ မသိရှိဘဲ ရဲစခန်းတွင် တစ်ညချုပ်ထားကာ မနက်ပိုင်းတွင် ထားဝယ်မြို့နယ်တရားရုံးသို့ အချုပ်ကားဖြင့် ပို့ဆောင်ခဲ့ကြောင်း ကာယကံရှင်နှင့် မိသားစု ၀င်များထံမှ သိရသည်။
“လိုက်ခဲ့ပါလို့ ပြောပြီး ခေါ်သွားတယ်။ ရဲစခန်းရောက်တာနဲ့ အချုပ်ထဲ ထည့်ထားလိုက်တာ” ဟု ကာယကံရှင်ဖြစ်သူ ဦးသောင်းညွှန့်က ထားဝယ်ခရိုင်တရားရုံးအတွင်းရှိ အချုပ်ခန်းတွင် မီဒီယာများကို ပြောသည်။
ပြီးခဲ့သည့်ဧပြီလ ၅ ရက်နေ့က မြန်မာ့စီးပွားရေးဘဏ်(တိုင်းဒေသကြီး)၏ ၀န်ထမ်းအိမ်ရာ ဆောက်လုပ်နေသည်ကို ဦးသောင်း ညွှန့်နှင့် သမီးနှစ်ဦးက ဟန့်တား နှောက်ယှက် ဆဲဆိုသည်ဟုဆိုကာ  မြန်မာ့စီးပွားရေးဘဏ်၏ တိုင်းမန်နေဂျာက ပိုင်နက် ကျူးလွန်မှု ပုဒ်မ၄၄၇၊ အကျိုးဖျက်ဆီးမှုပုဒ်မ ၄၂၇၊ ဆဲဆိုမှုပုဒ်မ ၂၉၄ တို့ဖြင့် အမှုဖွင့်ခဲ့ကြောင်း ထားဝယ်မြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူးမျိုးမြင့်ဦးက ပြောသည်။
အမှုဖွင့်ပြီးနောက် ဦးသောင်းညွန့််က တစ်ကြိမ် လာရောက်အစစ်ခံခဲ့ဖူးပြီး ခံဝန်ကတိဖြင့် ပြန်လွှတ်ပေးခဲ့သော်လည်း တရားစွဲပြီးနောက် ဆင့်ခေါ်သည်ကို ရောက်မလာသဖြင့် ထားဝယ်မြို့နယ်တရားရုံး၏ ဖမ်းဝရမ်းဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ပြောသည်။
“သူနဲ့သူ့သမီးနှစ်ယောက်ကို တရားစွဲထားတာ ပြေးနေတဲ့အတွက် တရားခံပြေး ပုဒ်မထုတ်ထားတာ တစ်ပတ်လောက်ရှိပြီ။ ဖမ်းပြီးတော့ တရားရုံးကို ဒီမနက်ပို့ပေးလိုက်တယ်” ဟု စခန်းမှူး ဦးမျိုးမြင့်ဦးက ပြောသည်။
ဦးသောင်းညွှန့်နှင့်အတူ တရားစွဲခံထားရသည့် သမီးဖြစ်သူနှစ်ဦးမှာ ရှောင်ပြေးနေဆဲဖြစ်သည့်အတွက် မဖမ်းမိသေးဟု ၎င်းက ဆိုသည်။
သို့သော် ဦးသောင်းညွှန့်ကမူ ၎င်းတို့သည် ရှောင်ပြေးခဲ့ခြင်းမရှိဘဲ ရဲတပ်ဖွဲ့များ နေအိမ်ရောက်လာချိန်တွင် အိမ်တွင် မရှိသည့် အချိန်နှင့် တိုက်ဆိုင်၍ ဖြစ်နိုင်သည်ဟု ဆိုသည်။
“ကိုယ့်မြေမှာ လာလုပ်နေလို့ ပါးစပ်နဲ့ပဲ အော်တားတာပါ။ ဆဲလည်း မဆဲဘူး။ ဘာမှ ထိခိုက်အောင်လည်း မလုပ်ဘူး။ ကိုယ့် ပစ္စည်းနဲ့ ကိုယ် သူတို့ပေးတဲ့ အပြစ်ခံရဖို့ပဲ ရှိတယ်” ဟု ဦးသောင်းညွှန့်က ဆိုသည်။
လက်ရှိတွင် ဦးသောင်းညွှန့်သည် ထားဝယ်ခရိုင်တရားရုံးရှိ အချုပ်ခန်းတွင် အချုပ်ခံထားရပြီး အာမခံဖြင့် လွှတ်ပေး/မပေးကိုမူ မြို့နယ်တရားရုံး၏ ဆုံးဖြတ်ချက်သာဖြစ်သည်ဟု ထားဝယ်မြို့မှရဲစခန်းမှူးက ပြောသည်။
ဦးသောင်းညွှန့်သည် ၂၀၁၄ ခုနှစ်ဇူလိုင်လက လယ်သမား ၈ ဦးနှင့်အတူ မြို့ပြစီမံကိန်းဧရိယာမြေအပြင်းပွားမှုတွင် တရားစွဲခံရ ကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးလ နှင့် တစ်ဆယ့်ငါးရက် ကျခံခဲ့ရဖူးသည်။
Dawei Watch