Pages
▼
Monday, July 27, 2015
မဲဆန္ဒနယ်မြေ မထပ်ရေး မိတ်ဖက်ပါတီများ ဆွေးနွေး
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ဟာ လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ မဲဆန္ဒ နယ်မြေတွေ မထပ်ရေးအတွက် မိတ်ဖက်ပါတီတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးကြပါတယ်။
ရွေးကောက်ပွဲမှာ မိတ်ဖက်ပါတီတွေအကြား မဲဆန္ဒနယ်မြေတွေ ထပ်နေမယ်ဆိုရင် မဲတွေ ကွဲသွားနိုင်တာကြောင့် ညှိနှိုင်းဆွေးနွေးကြတာဖြစ်တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ကရင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးမန်းကျော်ငြိမ်းက ပြောပါတယ်။
"ပါတီမိတ်ကွဲမှာ စိုးရိမ်တာတွေတော့ တော်တော်များများရင်ဆိုင်နေရတော့ အသံတွေတော့ ထွက်ကြပါတယ်၊ ပါတီတွေက ထွက်လာကြတဲ့အသံတွေတော့ အဲ့ဒါတွေလည်းပါပါတယ်၊ အဲ့ဒါကိုတော့ အားလုံးကတော့ သဘောထားကတော့တူကြပါတယ်၊ အဲ့ဒီအပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းဆောင်ရွက်ဖို့တော့ အဲ့ဒါကိုတော့ အားလုံးကသဘောထားတော့ ရှိကြတဲ့သဘောပဲ၊ ဥပမာ ဒီမိုကရက်တစ်အင်အားစုတွေ အနေနဲ့က တကယ်လို့ အကုန်လုံးဝင်ပြိုင်ပြီးမညှိနှိုင်းပဲပြိုင်ရင် မဲကွဲထွက်သွားမှာကို အကုန်လုံးကစိုးရိမ်နေ ကြတယ်"
အဲ့ဒီဆွေးနွေးပွဲကို ၃ ရက်ကြာကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံရှေ့နေများကွန်ရက် ၊ မိတ်ဖက်တိုင်းရင်းသားပါတီတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက လူဦးရေ ၆ဝ လောက် တက်ရောက်ကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖိတ်ကြားထားပေမယ့် ဒီနေ့ ဆွေးနွေးပွဲကို မတက်ရောက်ဘူးလို့ သိရပါတယ်။
UNA ကို ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ကယန်းအမျိုးသားပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ မွန်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်အမျိုးသားပါတီ၊ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်၊ ရခိုင်အမျိုးသားပါတီ စတဲ့တိုင်းရင်းသားပါတီ ၈ ခုနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
RFA Burmese