Pages

Monday, July 20, 2015

တနင်္သာရီတွင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ပြောင်းလဲ သတ်မှတ်သည့် ကိစ္စ NLD ကန့်ကွက်


|Dawei Watch| ထားဝယ်၊ ဇူလိုင် ၁၉
လာမည့်နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် တနင်္သာရီတိုင်းတွင် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ပြောင်းလဲ သတ်မှတ်သည်ကို NLD ပါတီက ထားဝယ်ခရိုင် ရွေးကောက်ပွဲကော်မရှင်ထံသို့ စာပို့ကန့်ကွက် ထားကြောင်း NLD ပါတီ၏ ခရိုင်အလုပ်အမှုဆောင်အဖွဲ့ထံမှ သိရသည်။
၂၀၁၀ ရွေးကောက်ပွဲ ပြုလုပ်စဉ်က ထားဝယ်မြို့နယ်တွင် အမျိုးသား လွှတ်တော်မဲ ဆန္ဒနယ် ၂ နေရာ ရှိခဲ့သော်လည်း လာမည့် ရွေးကောက်ပွဲတွင်မူ ထားဝယ်မြို့နယ်တွင် အမျိုးသား လွှတ်တော်မဲ ဆန္ဒနယ် ၁ နေရာသာ ရှိတော့မည်ဖြစ်ကာ ကျွန်းစုမြို့ နယ်တွင် ၂ နေရာရှိလာခြင်းကို ကန့်ကွက်ခြင်းဖြစ်ကြောင်း NLD ပါတီခရိုင်အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌက ပြောကြားသည်။
“အဲဒါက အစဉ်အလာ ဖြစ်သွားမှာကိုလည်း စိုးရိမ်တယ်။ ထားဝယ်မြို့က တိုင်းမြို့တော်ဖြစ်တဲ့အတွက် နံပါတ် ၁ ဖြစ်သင့် တယ်”ဟု ခရိုင်အလုပ်မှုဆောင်အဖွဲ့ ဥက္ကဋ္ဌက ဆိုသည်။
အမျိုးသားလွှတ်တော်မဲဆန္ဒနယ်နေရာကို ကျွန်းစုမြို့နယ်က ထားဝယ်မြို့နယ်ထက် လူဦးရေ ပိုများသည့်အတွက် ကျွန်းစုမြို့ နယ်သို့ ပြောင်းလဲ သတ်မှတ်ခြင်းတွင် မည်သည့် လူဦးရေစာရင်းကို အခြေခံသည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရကြောင်း ၎င်းက ဆိုသည်။
ယင်းသို့ကန့်ကွက်ခြင်းသည် ပါတီ၏ ဆန္ဒမဟုတ်ဘဲ ပြည်သူလူထု၏ အသံကိုနားထောင်၍ ကန့်ကွက်ခြင်းဖြစ်သည်ဟု ယင်းခရိုင် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌက ပြောသည်။
ခရိုင်ရွေးကောက်ပွဲ ကော်မရှင်သို့ ပေးပို့ထားသည့် ကန့်ကွက်စာကို NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကိုလည်း တင်ပြထား ကြောင်း သိရသည်။
“ဒါကို ကျွန်တော်တို့ ပါတီတစ်ခုတည်း မကြိုက်တာလား။ တခြား ပါတီတွေနဲ့ဆုံပြီး ညှိနှိုင်းပြီး ဘယ်ဆက်လုပ်မယ်ဆိုတာ ဆက်စဉ်းစားကြမယ်”ဟု ၎င်းကဆိုသည်။
တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်တစ်ခုတွင် အမျိုးသား လွှတ်တော်မဲဆန္ဒနယ် ၁၂ နယ်သတ်မှတ်ရမည်ဖြစ်ပြီး မြို့နယ်အလိုက် တစ်မြို့နယ်တွင် တစ်နယ်စီသတ်မှတ်ပေးရမည်ဖြစ်ပြီး မြို့နယ်အရေအတွက်သည် ၁၂ မြို့နယ်အောက် လျော့နည်းနေပါက လိုအပ် နေသော မဲဆန္ဒနယ် အရေအတွက်ကို ယင်းတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ မြို့နယ်များ၏ လူဦးရေ အများ အနည်းအလိုက် တန်းစီဇယားပြုစု၍ လူဦးရေအများဆုံးမြို့နယ်မှစပြီး မြို့နယ်တစ်နယ်လျှင် မဲဆန္ဒနယ် တစ်နယ်စီကို လိုအပ် နေသော မဲဆန္ဒနယ်ပြည့်သည့်အထိ ထပ်ဆောင်းသတ်မှတ်ပေးရမည်ဟု အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေတွင် ဖော်ပြထားသည်။
ကျွန်းစုမြို့နယ်သို့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁ နေရာ တိုး၍ ပြောင်းလဲသတ်မှတ်ခြင်းသည် သန်းခေါင်စာရင်း၏ လူဦးရေကို အခြေခံခြင်းမဟုတ်ဘဲ လ.၀.က ၏ လူဦးရေစာရင်းကိုသာ အခြေခံခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြီးခဲ့သည့်ဇွန်လ ဆန်းပိုင်းက ပြောဆိုခဲ့ဖူးသည်။
Dawei Watch