Pages

Monday, August 17, 2015

AMDP ကိုယ်စားလှယ်ဟောင်း ထက်ဝက် ပြန်ရွေးခံရာတွင် မပါ


|Dawei Watch| မော်လမြိုင်၊ သြဂုတ် ၁၆
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ၏ ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် ကိုယ်စားလှယ် ထက်ဝက် လာမည့် ရွေးကောက်ပွဲတွင် ယင်းပါတီမှ ၀င်ရောက် ယှဉ်ပြိုင်မည့် စာရင်းတွင် မပါဟု ယင်းပါတီထံမှ သိရသည်။
ကိုယ်စားလှယ် ၁၆ ဦးအနက် ၈ ဦး ပပါတော့ခြင်း ဖြစ်သည်။
၎င်းတို့အနက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နိုင်လဝီအောင်တို့က ၎င်းတို့ဆန္ဒအရ ထပ်မပြိုင်တော့ခြင်းဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်ထံမှ သိရသည်။
“မြို့နယ်က ရွေးတင်လာတဲ့အတိုင်းဘဲ ပြန်စိစစ် ရွေးချယ်တယ်၊ ပါတီအနေနဲ့ ထုတ်ပယ်တာတော့ မရှိဘူး” ဟု ၄င်းက ပြောသည်။
ပြန်လည်ရွေးခံရာတွင် မပါသည့် နိုင်သိန်းအောင်၊ နိုင်ထွန်းအုံးနှင့် နိုင်စိုးသိန်းတို့က ယင်းအပေါ် ကျေနပ်မှု မရှိသည့်အတွက် လာမည့်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအနေဖြင့် ဝင်ပြိုင်ကြမည်ဟု သိရသည်။
ပါတီက ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်လောင်းများစာရင်းတွင် ပြန်လည်ပါဝင်လာခြင်းမရှိသည်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောလိုစိတ်မရှိသဖြင့် တစ်သီးပုဂ္ဂလအနေဖြင့် ဝင်ပြိုင်သွားမည်ဖြစ်ကြောင်း နိုင်စိုးသိန်းက ပြောသည်။
“ကိုယ်ကလည်း အသက်ကြီးနေပြီလေ၊ နောက်ကလူတွေတက်လာဖို့အတွက် ပြီးတော့ တခြားလူတွေ နေရာပေးဖို့အတွက်ပါ၊ နောက်တခုကတော့ မွန်အချင်းချင်းပြိုင်ရမှာဖြစ်တဲ့အတွက်လည်း ပါတယ်” ဟု AMDP လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက ပြောသည်။
ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် မြို့နယ်မှ ရွေးချယ်တင်လာသည့် စာရင်းကို အခြေခံကာ အဆင့်ဆင့် ရွေးချယ်ခဲ့သည်ဟု ယင်းပါတီထံမှ သိရသည်။
AMDP သည် မွန်ပြည်နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၆ နေရာ၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၇ နေရာ၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၁၂ နေရာ၊ ကရင်ပြည်နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၁ နေရာ၊ အမျိုးသားလွှတ်တော် ၂ နေရာ၊ ပြည်နယ်လွှတ်တော် ၁ နေရာနှင့် မွန်တိုင်းရင်းသားရေးရာ ၁ နေရာ၊ တနင်္သာရီ တိုင်းဒေသ ကြီးတွင် ပြည်သူ့လွှတ်တော် ၁ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် ၃ နေရာ စုစုပေါင်း ၃၅ ဝင်ပြိုင်မည်ဖြစ်သည်။
ယင်းပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ် ၃၄ နေရာတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကာ ကိုယ်စားလှယ် ၁၆ နေရာ အရွေးချယ်ခံထားသည်။

ထပ်မပြိုင်တော့သည့် AMDP ကိုယ်စားလှယ်ဟောင်းများ
၁) ဒေါက်တာ ဗညား အောင်မိုး၊ အမျိုးသားလွှတ်တော်၊ ရေးမြို့နယ်
၂) နိုင်လ၀ီအောင်၊ ပြည်နယ်လွှတ်တော် အမှတ် ၁၊ ရေးမြို့နယ်
၃) နိုင်သိန်းဟန်၊ ပြည်နယ်လွှတ်တော် အမှတ် ၂၊ ရေးမြို့နယ်
၎) နိုင်သိန်းအောင်၊ ပြည်သူ့လွှတ်တော်၊ သံဖြူဇရပ်မြို့နယ်
၅)နိုင်ထွန်းအုံး၊ အမျိုးသားလွှတ်တော်၊ သံဖြူဇရပ်မြို့နယ်
၆) နိုင်ကျော်သိန်း၊ အမျိုးသားလွှတ်တော်၊ ချောင်းဆုံမြို့နယ်
၇) နိုင်ချစ်ဦး၊ ကရင်ပြည်နယ် မွန်တိုင်းရင်းသားရေးရာ ၀န်ကြီး
၈) နိုင်စိုးသိန်း၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂၊ ကော့ကရိတ်မြို့နယ်၊