Pages

Thursday, August 6, 2015

မွန်အမျိုးသားပါတီတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၉ ဦးပါ


|Dawei Watch| မော်လမြိုင်၊ သြဂုတ် ၅
နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်း ၅၀ ကျော် ဝင်ပြိုင်မည့် မွန်အမျိုးသားပါတီတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၉ ဦး ပါဝင်ယှဉ်ပြိုင်မည်ဟု ပါတီက ထုတ်ပြန်ထားသည်။
အရွေးခံမည့် အမျိုးသမီး ကိုယ်စားလှယ်များသည် မွန်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် ၃ နေရာ၊ အမျိုးသားလွှတ်တော် ၂ နေရာနှင့် ပြည်နယ်လွှတ်တော် ၁ နေရာ၊ တနင်္သာရီတိုင်းဒေသကြီးတွင် တိုင်းလွှတ်တော် ၂ နေရာနှင့် အမျိုးသားလွှတ်တော် ၁ နေရာတို့တွင် ဝင်ပြိုင်ကြမည် ဖြစ်သည်။
“ပါတီမှာ ချမှတ်ထားပြီးသားပါ တင်လာတဲ့ ကိုယ်စားလှယ်လောင်းတွေ အရည်အချင်းတူလာရင် အမျိုးသမီးနဲ့ လူငယ်တွေကို ဦးစားပေးမယ်” ဟု ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်စိုးမြင့်က ပြောသည်။
အမျိုးသမီး ကိုယ်စားလှယ် ၁၁ ဦး အဆိုပြုသည့်အနက် သတ်မှတ် အရည်အချင်းနှင့် ကိုက်ညီသည့် ၉ ဦးကို ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်စိုးမြင့်က ပြောသည်။
ယင်းပါတီမှ အမျိုးသမီးကိုယ်စားလှယ်လောင်းအတွက် အရေအတွက် သီးသန့် သတ်မှတ်ထားခြင်းမရှိဟု သိရသည်။
၎င်းပြင် ရွေးချယ် ထုတ်ပြန်ထားသည့် ကိုယ်စားလှယ်လောင်းစာရင်းတွင် ကိုယ်စားလှယ်လောင်း ၅၀ ရာခိုင်နှုန်းကျော်သည် အသက် ၄၀ ဝန်းကျင်ရှိ လူငယ်များဖြစ်ကြောင်းလည်း နိုင်စိုးမြင့်က ပြောသည်။
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ (AMDP)ကလည်း လာမည့်ေ ရွးကောက်ပွဲအတွက် အဆိုပြုလာသမျှ အမျိုးသမီး ကိုယ်စားလှယ် လောင်းများကို ခွင့်ပြုပေးသွားမည့်အပြင် လူငယ်ကိုယ်စားလှယ်လောင်းများများ ပါလာအောင်လည်း လမ်းဖွင့်ပေးထားသည်ဟု ပြောသည်။
သို့သော် AMDP က ယနေ့ထိ ကိုယ်စားလှယ်လောင်းများစားရင် ထုတ်ပြန်ခြင်းမရှိသေးသည့်အတွက် ၄င်းတို့ပါတီတွင် အမျိုးသမီးနှင့် လူငယ်ကိုယ်စားလှယ်လောင်း မည်မျှထိပါလာမည်ကို မသိရှိနိုင်သေးပါ။
Dawei Watch