Pages

Sunday, August 30, 2015

အူရီဒူးဖလားစက်ဘီးပြိုင်ပွဲ ထားဝယ်မြို့ခံ ငါးဆယ်ကျော်ဝင်ပြိုင်


အူရီဒူးဖလား ပြိုင်ပွဲဝင် စက်ဘီး သမားများကို တွေ့ရစဉ် ဓာတ်ပုံ - ဖိုးဇော်/Dawei Watchထ

ထားဝယ်၊ သြဂုတ် ၃၀
ထားဝယ်မြို့တွင်း သြဂုတ်လ ၃၀ ရက် နံနက်က ကျင်းပခဲ့သည့် အူရီဒူးဖလား စက်ဘီးပြိုင်ပွဲတွင် မြို့ခံပြိုင်ပွဲဝင် ၅၀ ကျော် ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း ပြိုင်ပွဲစီစဉ်သည့် Dawei Bike Association ထံမှ သိရသည်။
ယင်း အူရီဒူးဖလား မိုးရာသီစက်ဘီးပြိုင်ပွဲကို ထားဝယ်ခရိုင်အားကစားနှင့် ကာယပညာကော်မတီမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး အသက် ၄၀ နှစ်အထက် လူကြီးတန်းနှင့် အသက် ၄၀နှစ် အောက် မျိုးဆက်သစ်လူငယ်တန်း ခွဲ၍ ယှဉ်ပြိုင်ခဲ့ကြောင်း အထက်ပါ အဖွဲ့ထံမှ သိရသည်။
“ထားဝယ်မြို့နယ်မှာ မျိုးဆက်သစ်စက်ဘီးစီးမျိုးဆက်သစ်တွေ ပေါ်ထွက်လာဖို့ ရည်ရွယ်ပြီးကျင်းပတာပါ” ဟု ယင်း အဖွဲ့က အတွင်းရေးမှူး ဦးအောင်နိုင်က ပြောသည်။
အသက် ၄၀ နှစ်အထက် လူကြီးတန်းပြိုင်ပွဲကို ၁၂ မိုင် အသွားအပြန်နှင့် အသက် ၄၀ နှစ်အောက် မျိုးဆက်သစ်လူငယ်ပြိုင်ပွဲကို ၁၅ မိုင်အသွားအပြန် ယှဉ်ပြိုင်စေခဲ့ပြီး လူကြီးတန်းတွင် ပြိုင်ပွဲဝင် ၂၀ နှင့် မျိုးဆက်သစ်လူငယ်တန်းတွင် ပြိုင်ပွဲဝင် ၃၄ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ပြိုင်ပွဲတွင် ဆုရရှိသူများကို အူရီဒူးကုမ္ပဏီက ဆုများချီးမြှင့်ပေးခဲ့ပြီး ပြိုင်ပွဲဝင်များအားလုံးကိုလည်း လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
စက်ဘီးပြိုင်ပွဲအပြီးတွင် ပြိုင်ပွဲဝင် ၅၀ ကျော်အပြင် အခြားစက်ဘီးစီးသမားများ စုပေါင်းကာ စက်ဘီး ၁၀၀ ခန့်နီးပါးဖြင့် ထားဝယ်မြို့တွင်း အလှပြစီးနင်းခဲ့ကြကြောင်း Dawei Bike Association ထံမှ သိရသည်။
Dawei Watch