Pages

Saturday, August 8, 2015

မဲဆန္ဒနယ် ညှိရန် မွန်ပါတီများကို နားချမရ၍ လူကို အဓိကထား မဲပေးရန် လူထုကို စည်းရုံးမည်


၁၉၉၀ နှင့် ၂၀၁၀ ရွေးကောက်ခံ ကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်လောင်းများ
နှစ်ပါတီ ပူးပေါင်းရေး ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးစဉ် ဓာတ်ပုံ - ယဉ်စနိုင်း / Dawei Watch



|Dawei Watch| မော်လမြိုင်၊ သြဂုတ် ၇
လာမည့်ရွေးကောက်ပွဲတွင် မွန်လွှတ်ကိုယ်စားလှယ်များ အောင်နိုင်ရေးအတွက် မဲဆန္ဒနယ် ညှိနှိုင်းရန် မွန်ပါတီနှစ်ခုကို နားချ မရသည့်အတွက် ပါတီကို မရွေးပဲ လူကို အဓိကထားရွေးရန် မဲဆန္ဒရှင် လူထုအား စည်းရုံးသွားမည်ဖြစ်ကြောင်း မွန်အမျိုးသား ရွေးကောက်ပွဲအောင်နိုင်ရေးအကျိုးဆောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းအောင်ထူးက ပြောသည်။
မွန်အမျိုးသား ရွေးကောက်ပွဲ အောင်နိုင်ရေးအကျိုးဆောင်အဖွဲ့အနေဖြင့် မွန်နှစ်ပါတီ ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များ ညှိနှိုင်း သတ် မှတ်နိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် မွန်နှစ်ပါတီစလုံးက ၄င်းတို့ ပါတီ၏ ရပ်တည်ချက် အတိုင်း သာ သွားမည်ဟု အဖြေထွက်လာခဲ့သည်။
“ဒါကြောင့် ဘယ်ပါတီကမဆို အရည်အချင်းရှိ လူထု အကျိုးလုပ်ဆောင်ပေးနိုင်ချေရှိတဲ့ ကိုယ်စားလှယ်ကိုသာ မဲပေးကြဖို့ လူထုကို စည်းရုံးသွားမယ်လို့ ဆုံးဖြတ်ခဲ့တယ်”ဟု ဦးမင်းအောင်ထူးက ပြောသည်။
ယင်းဆုံးဖြတ်ချက်ကို မွန်နှစ်ပါတီ ပေါင်းစည်းရေး လုပ်ဆောင်ခဲ့သည့်သံဃာတော်များအပါအ၀င် မွန်သံဃာတော်များ၊ လူမှု အဖွဲ့အစည်းများ၊ ၁၉၉၀ အမတ်များ၊ ၂၀၁၀ အမတ်တချို့နှင့် မွန်ပါတီများ ပေါင်းစည်းရေးအတွက် အမြင်တူသူများနှင့် ညှိနှိုင်း ခဲ့သည်ဟု သိရသည်။
အကယ်၍ မွန်အမတ် အောင်နိုင်ရေးအတွက် တစ်စုံတစ်ရာ မလုပ်ဆောင်နိုင်ပါက လာမည့် ရွေးကောက်ပွဲတွင် အင်အားကြီး ပါတီများဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတို့အား မွန်အမတ်များ ယှဉ်ပြိုင်နိုင်လိမ့်မည်မဟုတ်ဟု အကျိုးဆောင်အဖွဲ့က ယတိပြတ် တွက်ချက်ထားသည်။
“မွန်လူထုတွေက ပြောရမယ်ဆိုရင် ဗဟုသုတနည်းတယ်၊ ပြီးတော့ အစွဲရှိတယ်၊ ငါ့ပါတီမှ ငါ့လူမှ” ဟု မွန်လူမျိုးတဦးဖြစ်သည့် နိုင်အောင်ချမ်းက ပြောသည်။
ထို့ကြောင့် အရည်အချင်းရှိသည့် ကိုယ်စားလှယ်များ ထွက်ပေါ်လာရန် လူထုက ရွေးတတ်မှ ရမည်ဖြစ်ပြီး ယင်းသို့ ရွေးတတ် ရန်လည်း စည်းရုံး အသိပညာပေးရမည်ဖြစ်ကြောင်း နိုင်အောင်ချမ်းက မှတ်ချက်ပြုသည်။
မွန်အမျိုးသား ရွေးကောက်ပွဲအောင်နိုင်ရေး အကျိုးဆောင်အဖွဲ့သည် လက်ရှိတွင် မွန်လွှတ်တော်ကိုယ်စားလှယ်လောင်းများ အောင်နိုင်ရေးအတွက် မြို့နယ်အဆင့် လူထုတွေ့ဆုံပွဲများ ပြုလုပ်နေပြီး ထိုမှတဆင့် ကျေးရွာအဆင့်ထိ ဆက်လက် လုပ်ဆောင် သွားမည်ဟု သိရသည်။
လွှတ်တော်အသီးသီးတွင် မွန်ကိုယ်စားလှယ်အရေအတွက် များများရောက်ရှိနိုင်ရန်အတွက် လိုအပ်သည့်နေရာမှ ဝိုင်းဝန်း လုပ်ဆောင်ပေးနိုင်ရန်အတွက် ဘက်မလိုက်သည့် မွန်အမျိုးသားရွေးကောက်ပွဲအောင်နိုင်ရေးအကျိုးဆောင်အဖွဲ့ကို ၂၀၁၅ ခုနှစ် ဧပြီလ ၁၄ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည်။
Dawei Watch