Pages

Tuesday, August 25, 2015

ပန်ဝါဒေသမှာ ပြည်ခိုင်ဖြိုးပါတီ တစ်ခုသာ စည်းရုံးလှုပ်ရှားခွင့်ရရှိ


 ကချင်ပြည်နယ် ပန်ဝါမြို့ တည်နေရာပြ မြေပုံ။ Photo: Google Map
 ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ကချင်ပြည်နယ်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ အခြေစိုက်တဲ့ ပန်ဝါမြို့မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကလွဲပြီး တစ်ခြားနိုင်ငံရေးပါတီတွေ စည်းရုံးရေးမဆင်းဖို့နဲ့ ပါတီဆိုင်းဘုတ် တင်တာတွေမလုပ်ဖို့ ပိတ်ပင်တားမြစ်ထားတယ်လို့ သိရပါတယ်။ အဲဒီပန်ဝါဒေသမှာ စည်းရုံးရေးသွားခဲ့တဲ့ ဝိုင်းမော်မြို့အခြေစိုက် လော်ဝေါ်အမျိုးသား စည်းလုံးညီညွှတ်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဘီဟောင်းဇေက သူသိခဲ့ရတာကို အခုလို ပြောပါတယ်။

"ပန်ဝါကိစ္စကျတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ ကျနော်တို့ကို ဘာမှပိတ်ပင်ထားခြင်း မရှိပါဘူး၊ အဲ့တော့ ဦးဇခုန်တိန့်ယိန်းအဖွဲ့ ဆုံးဖြတ်ချက်ချထားတယ်တဲ့ အဲ့ဒါပဲ၊ တခြားပါတီတွေ ပန်ဝါမှာလာပြီးမှ စည်းရုံးရေးကော်မတီမဖွဲ့ဖို့ ဆိုင်းဘုတ်မတင်ဖို့ သူတို့မှာ ဆုံးဖြတ်ချက်ချထားတယ်၊ အဲ့ဒါကြောင့် ကျနော်တို့လည်း သူတို့ရဲ့ဆုံးဖြတ်ချက်ကို နားလည်မှုနည်းနည်းလိုတယ်၊ ကျနော်တို့ လော်ဝေါ်အချင်းချင်းဖြစ်နေတော့ အဲ့ဒါကြောင့် ဆိုင်းဘုတ်မတင်ခဲ့တာပါ"

ပြီးခဲ့တဲ့သြဂုတ်လ ၁၉ ရက်နေ့က ပန်ဝါမြို့မှာ လော်ဝေါ် အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ကချင်ပြည်နယ်အထူးဒေသ (၁) ထာဝရ ငြိမ်းချမ်းရေးအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ အထူးဒေသ (၁) တာဝန်ရှိသူတွေက အသိပေးခဲ့တာလို့ သိရပါတယ်။ နိုင်ငံရေးပါတီတွေဟာ ပြည်ထောင်စုတစ်ဝှမ်းလုံးမှာ ပါတီဆိုင်းဘုတ်တင် စည်းရုံးရေးတွေကို ဆောင်ရွက်နိုင်ကြောင်းနဲ့ အဖွဲ့စည်းတစ်ခု ဒါမှမဟုတ် လူပုဂ္ဂိုလ်တစ်ဦးက တားဆီးမှုတွေရှိလို့ တရားဝင်အကြောင်းကြားရင် ဖြေရှင်းဆောင်ရွက်ပေးမယ်လို့ ကချင်ပြည်နယ်ရွေးကောက် ပွဲ ကော်မရှင်အရာရှိ ဦးထွန်းအောင်ခိုင်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ရဲ့ တာဝန်ရှိသူတွေကို RFA က သီးခြားဆက်သွယ်မေးမြန်းလို့တော့ မရရှိသေးပါဘူး။

ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ကချင်ပြည်နယ်အထူးဒေသ (၁) ဟာ အစိုးရရဲ့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းထားပြီး မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် လက်အောက်ခံ အစိုးရရဲ့ နယ်ခြားစောင့်တပ် အမှတ် ၁၀၀၂ ဟာ လက်ရှိ ပန်ဝါဒေသမှာ အခြေစိုက်ထားပါတယ်။

RFA Burmese