Pages

Thursday, August 20, 2015

ရေကြီးရေလျှံမှုကြောင့် အောင်မြင်သာကျေးရွာ ရွှံ့ညွန်အောက်သို့ရောက်ရှိ


 ကလေး သြဂုတ် ၁၉

 ကလေးမြို့တွင် မကြုံစဖူးရေကြီး ရေလျှံမှုဖြစ်ပွားပြီး ရေကျသွားပြီး နောက် ကလေးမြို့နယ် ပျဉ်းခုံကြီး ကျေးရွာအုပ်စုရှိ အောင်မြင်သာ ကျေးရွာသည် ရွာလုံးကျွတ်နီးပါး ရွှံ့ညွန်အောက်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

အောင်မြင်သာကျေးရွာတွင် အိမ်ခြေ ၂ဝ၃ အိမ်ရှိသည့်အနက် အိမ်ခြေ ၄ဝ သည် အိမ်အောက်ထပ်အထိ ရွှံ့ညွန် များဖြင့် ပြည့်နှက်နေပြီး အိမ်ခြေ ၁၆၃ အိမ် ရွှံ့ညွန်အောက်သို့ နစ်မြုပ် ခဲ့သည့်အပြင် လယ်ဧက ၁၅ဝဝ၊ စိုက်ပျိုးခြံ ဧက ၇ဝဝ၊ မျိုးစပါးတင်း ၁ဝဝဝဝ၊ ပဲမျိုးစုံတင်း ၅ဝ၊ နေကြာ မျိုးတင်း ၁ဝဝ၊ ထွန်စက် အစီး ၃ဝ၊ သုံးဘီး ခုနစ်စီးနှင့် ဆိုင်ကယ်အစီး ၁ဝဝ တို့လည်း ရွှံ့ညွန်ထဲသို့ နစ်မြုပ် ခဲ့ကြောင်း သိရသည်။

''ဒီလိုမျိုးရေကြီးတာနဲ့ အဆိုးဆုံး ကတော့ လူနေအိမ်တချို့ဆိုရင် အိမ်အောက်ထပ်အထိ ရွှံ့ညွန်တွေ မြုပ်ပြီး တချို့အိမ်တွေဆိုရင် တစ်အိမ်လုံး နစ်မြုပ်နေပါတယ်။ ဒါအပြင် လယ်ထွန်စက်တွေ၊ သုံးဘီး ဆိုင်ကယ်တွေ၊ ဆိုင်ကယ်တွေ၊ နွားလှည်းတွေရော ရွှံ့ညွန်ထဲ ဝင်ကုန်တော့တယ်။ လယ်မြေတွေလည်း ဒူးလောက်ကနေ ခါးလောက်အထိ ရွှံ့ညွန်ဖုံးအုပ်ပြီးတော့ သူ့လယ်ကိုယ့်လယ် ခွဲခြားလို့ မရတော့ဘူး။ ရွာထဲမှာရော အိမ်ထဲမှာပါ ရွှံ့ညွန်တွေ ပြည့်နှက်နေတော့ သန့်ရှင်းရေး မလုပ်နိုင်တော့ဘူး''ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ အောင်မြင်သာကျေးရွာ ပြန်လည်ထူထောင်နိုင်ရေးနှင့် ရွှံ့ညွန်များ ဖယ်ထုတ်နိုင်ရေးတို့အတွက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးကိုယ်တိုင် သြဂုတ် ၁၈ ရက်က လက်တွေ့ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)
The Mirror Daily