Pages

Friday, August 28, 2015

မောင်းမကန်လမ်းတစ်ကြော ညဘက် မီးမကြာခဏပျက်


|Dawei Watch|ထားဝယ်၊ သြဂုတ် ၂၈
သဘာဝဓာတ်ငွေ့ဖြင့် ထားဝယ်ခရိုင်လေးမြို့နယ် ဖြန့်ဖြူးပေးနေသည့် လျှပ်စစ်ဓာတ်အားရပြီးသည့်အချိန်မှစ၍ ထားဝယ်မြို့ ကမြောကင်း တံတားထိပ်မှ မောင်းမကန်လမ်း တစ်လျှောက် ညဘက်တွင် လျှပ်စစ်မီး မကြာခဏ ပျက်နေကြောင်း ယင်းလမ်းတစ်လျှောက်ရှိ ဒေသခံများက ပြောသည်။
လောင်းလုံးမြို့နယ်အတွင်းရှိ ကမြောကင်း၊ သောကြာပြင်တို့မှ စ၍ မောင်းမကန်၊ သဘော့ဆိပ် စသည့်ကျေးရွာများအထိ ဆယ်သွယ်ထားသည့် လျှပ်စစ်ဓာတ်အားလိုင်းမှာ ညတိုင်းနီးပါး လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်သည်ဟု ကမြောကင်းကျေးရွာနှင့် မောင်းမကန်ကျေးရွာတို့မှ ဒေသခံတို့က ပြောသည်။
“ဖယောင်းတိုင်နဲ့ မီးခြစ် လက်ထဲကကို မချရဘူး။ မီးက ခဏခဏပျက်နေတာ။ ဘာမှလုပ်လို့မရဘူး” ဟု မောင်းမကန်ကျေးရွာမှ ကျောင်းဆရာမတစ်ဦးက ဖွင့်ဟသည်။
နေ့ဘက်တွင် တခါတရံသာ လျှပ်စစ်ဓာတ်အား ပြတ်တောက်လေ့ရှိသော်လည်း ညဘက်တွင်မူ ညတိုင်းနီးပါး လျှပ်စစ်ဓာတ်အား ပြတ်တောက်ပြီး တစ်ညလျှင် ၃ ကြိမ် ၄ ကြိမ် အထိ ပြတ်တောက်ကာ တစ်ကြိမ် လျှင် ၁၅ မိနစ် နှင့် ၂၀ မိနစ်ကြာလေ့ရှိ သည့်အပြင် တခါတရံတွင် မီးပျက်ပြီး ပြန်မရတော့ဟု မောင်းမကန်ကျေးရွာနှင့် ကမြောကင်းကျေးရွာနေထိုင်သူများက ပြောသည်။
မီးပျက်သည်နေသည်နှင့် ပတ်သက်ပြီ ဖြစ်နိုင်ခြေ အရှိဆုံး အကြောင်းရင်းမှာ ဓာတ်အားလိုင်းကို သစ်ခက်များရိုက်မိ၍ ဖြစ်နိုင်ကြောင်း တိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အဲဒီလိုင်းက ထိတာနဲ့ အခြားလိုင်းတွေကိုပါ မထိခိုက်အောင် ချက်ချင်းဖြတ်ချပစ်တဲ့ နည်းစနစ်ကို သုံးထားတယ်။ ဒါကြောင့် လိုင်းတစ်လျှောက်မှာ ကြိုးနဲ့နီးတဲ့ သစ်ကိုင်းသစ်ခက်တွေကိုရှင်းဖို့ လိုတယ်” ဟု ၎င်းက ပြောသည်။
ထိုကြောင့် ၁၁ ကေဗွီ လိုင်းနှင့် သစ်ကိုင်းသစ်ခက်များ နှီးကပ်စွာရှိနေပါက ရှင်းလင်းပစ်ရန်လိုအပ်ပြီး ယင်းသို့ရှင်းလင်းရာတွင် ကိုယ်တိုင် ရှင်းလင်းပါက အန္တရာယ်များသည့်အတွက် လျှပ်စစ်ဌာနသို့ ဆယ်သွယ်ပေးစေလိုကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။
ကံပေါက်မှ သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်မီး စတင်ဖြန့်ဖြူးချိန်က ရေဖြူမြို့နယ်ကိုပေးမည့် လျှပ်စစ်ဓာတ်အား ပြတ်တောက် ခဲ့ဖူးပြီး ဇဟာကျေးရွာတွင် ၁၁ ကေဗွီဓာတ်အားလိုင်းပေါ် ပုတ်သင်ညိုထိသည်ဟု အကြောင်းပြဖူးသည်။

Dawei Watch