Pages

Monday, August 3, 2015

ရေဘေးကြောင့် အမတ်လောင်းအမည်စာရင်းတင်သွင်းရမည့်ရက် ထပ်တိုးပေး


၂၀၁၅ ရွေးကောက်ပွဲမှာ လွှတ်တော်အသီးသီးကနေ ၀င်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်းတင်သွင်းရမယ့်နောက်ဆုံး နေ့ရက်ကို သြဂုတ်လ ၁၄ ရက်ထိ ရက်ထပ်တိုးပေး လိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။
ပြည်နယ်နဲ့တိုင်းတချို့မှာ ရေကြီး၊ ရေလျှံ၊ မြေပြို သဘာဝဘေးအန္တရာယ်တွေကြုံတွေ့နေရတာနဲ့ နိုင်ငံရေးပါတီတချို့ရဲ့ တင်ပြချက်တွေအရ သတ်မှတ်ရက်ကို တိုးမြှင့်ပြင်ဆင်ပြောင်း လဲပေးလိုက်တာလို့ သြဂုတ်လ ၃ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကော်မရှင်ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ကိုယ်စားလှယ်လောင်းတွေ စာရင်းတင်သွင်းရမယ့် နောက်ဆုံးရက်ကို မူလက သြဂုတ် ၈ ရက်နေ့လို့ ကြေညာထားရာကနေ သြဂုတ်လ ၁၄ ရက်ထိ တိုးပေးလိုက်တာဖြစ်ပြီး ကိုယ်စားလှယ်လောင်း ရုပ်သိမ်းနိုင်တဲ့နောက်ဆုံးရက်ကိုလည်း သြဂုတ် ၁၇ ရက်နဲ့ ကိုယ်စား လှယ်လောင်း စိစစ်မယ့်ရက်ကို သြဂုတ်လ ၁၈ မှ ၂၇ ထိ ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။
သြဂုတ်လ ၁ ရက်နေ့အထိ တသီးပုဂ္ဂလ အပါအ၀င် နိုင်ငံရေးပါတီပေါင်း ၃၉ ပါတီက ကိုယ်စားလှယ် လောင်းပေါင်း ၈၆၈ ဦး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ လက်ရှိ အမည်စာရင်းတင်သွင်းထားပြီးဖြစ်ပါတယ်။
DVB