Pages

Friday, August 21, 2015

ဒေါ်အောင်ဆန်းစုကြည် ရဲ့ မော်တော်ကားနှောင့်ယှက်ခံရမှု အာဏာပိုင်တွေထံ အကြောင်းကြား


ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ မြောင်းမြမြို့နယ်ခရီးစဉ်မှာ တွေ့ရစဉ်။ Photo: RFA

  ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့က နေပြည်တော်မှာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် စီးနင်းလိုက်ပါလာတဲ့ မော်တော်ကား နှောင့်ယှက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို တာဝန်ယူထားသူတွေက သက်ဆိုင်ရာ အာဏာပိုင်တွေထံ အကြောင်းကြားထားတယ်လို့ NLD ပါတီ ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက RFA ကိုပြောပါတယ်။

ရန်ကုန်ကနေထွက်ခွာလာတဲ့ ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာတဲ့ ယာဉ်တန်းဟာ နေပြည်တော် ကို ရောက်ခါနီးမှာ တဖက်ကားတစီးက ရုတ်တရက်အရှိန်နဲ့ ကျော်တက်လာပြီး ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာတဲ့ ကားနဲ့ ဘေးချင်းယှဉ်ပြီး နှောင့်ယှက်မောင်းနှင်ခဲ့တာကြောင့် ကားချင်းတိုက်မိမလို ဖြစ်ပွားခဲ့တဲ့ သတင်းတွေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ဦးဥာဏ်ဝင်းက အခုလို ပြောကြားတာ ဖြစ်ပါတယ်။

"ကျနော်တို့ ပထမဆုံးကြားတာက အနှောင့်အယှက်ပေးတယ်လို့ကြားတယ်၊ နောက်ပိုင်းမှပြန်ပြီးကြားတာက ဥက္ကဌကိုသိတဲ့ ကားပေါ်ပါတဲ့ပုဂ္ဂိုလ်က နှုတ်ဆက်ချင်လို့ဆိုတဲ့ဟာမျိုး ထပ်ကြားတယ်၊ ဒီဟာနဲ့ပတ်သက်ပြီးတော့ အတိအကျ အတည်ပြုပေးပါဆိုရင်တော့ ကျနော်မပေးနိုင်ဘူး၊ ကျနော်သတင်းက အဲ့ဒီလိုပဲရပါတယ်၊ အဲတော့ ကျနော်တို့ လုံခြုံရေးနဲ့ပတ်သက်တဲ့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက ဒီဟာကို သက်ဆိုင်ရာအာဏာပိုင်တွေကိုလည်း အကြောင်းကြားထားတယ်၊ သူတို့ကိုယ်တိုင်လည်း အကြောင်းရာအချက်အလက် ပိုမိုရရှိဖို့ကြိုးစားဆောင်ရွက်နေ တယ်၊ အဲ့ဒီလိုသိပါတယ်၊ ဥက္ကဌရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ ဒီသတင်းက ကျနော်တို့အတွက်လည်း အများကြီး စိတ်အနှောင့်အယှက်ဖြစ်ပါတယ်"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် NLD ပါတီက တာဝန်ယူဆောင်ရွက်နေတယ် ဆိုပေမယ့် အခု အဖြစ်အပျက်ဟာ အန္တရာယ်ရှိတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်တယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောပါ တယ်၊ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါစီးနင်းလာတဲ့ မော်တော်ယာဉ်တန်းဟာ ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်တုန်းကလည်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အနီးမှာ တိုက်ခိုက်ခံခဲ့ရဖူးပါတယ်။

RFA Burmese