Pages

Thursday, August 27, 2015

ဒေါ်လာဈေးအတက်ကြောင့် ကံပေါက်လျှပ်စစ်မီး အင်ဂျင်ငှားခ တစ်လ ကျပ်သိန်း ၈၀၀ နီးပါး ပိုပေးနေရ


ထားဝယ် ဓာတ်အားခွဲရုံကို တွေ့ရစဉ် - ဓာတ်ပုံ - Dawei Watch
|Dawei Watch| ထားဝယ်၊ သြဂုတ် ၂၇
ဒေါ်လာဈေးမြှင့်တက်နေခြင်းကြောင့် ထားဝယ်ခရိုင်လေးမြို့နယ်သို့ ဖြန့်ဖြူးပေးနေသည့် ကံပေါက်လျှပ်စစ်မီးအတွက် အင်ဂျင် ငှားခကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တစ်လလျှင် ကျပ်သိန်း ၈၀၀နီးပါး ပိုပြီး ပေးနေရကြောင်း တိုင်းဒေသကြီး မီးလင်းရေး ကော်မတီအတွင်းရေးမှူး ဦးခင်လေးက ပြောသည်။
၁ မဂ္ဂါဝပ်အင်ဂျင် ၆ လုံးအတွက် ငှားရမ်းခကို စက်စငှားသည့်အချိန်က အမေရိကန်ဒေါ်လာ ၁ ဒေါ်လာကို မြန်မာငွေပေါက်ဈေး ၉၇၀ သာရှိခဲ့သော်လည်း လက်ရှိအချိန်တွင် တစ်ဒေါ်လာပေါက်ဈေးမှာ မြန်မာငွေ ၁၃၀၀ ကျပ်နီးပါး ရှိနေသည်။
ထိုကြောင့် ဒေါ်လာဖြင့်သာ ငွေပေးချေရသည့် စက်ငှားရမ်းခအတွက် တစ်လကို ကျပ်သိန်း ၇၀၀ ကျော် အရှုံးပေါ်နေကြောင်း အထက်ပါ ကော်မတီ အတွင်းရေးမှူး တိုင်းအင်ဂျင်နီယာမှူးကြီး ဦးခင်လေးက ပြောကြားသည်။
“အဓိက ကတော့ ဒေါ်လာဈေးကြောင့်ပဲ။ ဒေါ်လာဈေးကြောင့် စက်ဖိုးသက်သက်ကို သိန်း ၇၀၀ ကျော် ရှုံးနေပြီလေ” ဟု ဦးခင်လေးက ဆိုသည်။
၁ မဂ္ဂါဝပ်အင်ဂျင် ၆ လုံးအတွက် လစဉ် ယူနစ် ၄၃၂၀၀၀၀ ကို တစ်ယူနစ်လျှင် ၅ဒဿမ၇ ဆင့်(အမေရိကန်ငွေ)နှုန်းဖြင့် ဒေါ်လာ ၂၄၆၂၄၀ ကို လစဉ်ပေးဆောင်ရမည် ဖြစ်သည်။
စတင် သဘောတူချိန်က ဒေါ်လာပေါက် ဈေးမှာ မြန်မာငွေဖြင့် တစ်ဒေါ်လာကို ၉၇၀ ကျပ်သာ ရှိသဖြင့် ၂၄၆၂၄၀ ဒေါ်လာ အတွက် မြန်မာငွေ ကျပ်သိန်းပေါင်း ၂၃၈၈ကျော် ပေးချေရမည်ဖြစ်သော်လည်း လက်ရှိဒေါ်လာဈေးမှာ တစ်ဒေါ်လာ ၁၂၈၁.၅၀ကျပ်(သြဂုတ်လ ၂၆ ရက်နေ့ဈေး) ဖြင့်တွက်ချက်ပါက ကျပ်သိန်းပေါင်း ၃၁၅၅ ကျော် ပေးဆောင်ရ မည်ဖြစ်ကြောင်း အထက်ပါကော်မတီထံမှ သိရသည်။
“ဒီလိုဒေါ်လာဈေးတက်ပြီး ရှုံးနေတော့ ဈေးနှုန်းကို လျှော့ချဖို့ မလွယ်သေးဘူး” ဟု ဦးခင်လေးက ပြောသည်။
တစ်ယူနစ် သုံးရာကျပ်နှုန်းဖြင့် ကံပေါက် ဂက်စ်မီးကို ပြီးခဲ့သည့် ဇွန်လမှ စတင်ဖြန့်ဖြူးပေးခဲ့ပြီး တစ်ယူနစ်လျှင် ကျပ် ၃၀၀ ထက်ပိုမိုကောက်ခံမည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။
Dawei Watch