Pages

Tuesday, August 11, 2015

ရေဘေးသင့် ကလေးငယ်များအတွက် ဒေါ်လာ ၉ ဒသမ ၂ သန်း လိုအပ်


မြန်မာနိုင်ငံရှိ ရေဘေးသင့် ကလေးသူငယ်များအတွက် လူသားချင်းစာနာမှု အကူအညီများ ပံ့ပိုးပေးဖို့ အမေရိကန်ဒေါ်လာ ၉ ဒသမ ၂ သန်း လိုအပ်တယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံတ၀န်း ကလေးသူငယ် ၈ သောင်း ရေဘေးဒုက္ခ ခံစားနေရပြီး သန့်ရှင်း အန္တရာယ်ကင်းတဲ့ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုအပြင် စိတ်ပိုင်းဆိုင်ရာ အကူအညီတွေပါ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
ရေလွှမ်းမိုးမှုကြောင့် ဒေသတွင်းရှိ ရေတွေညစ်ညမ်းခဲ့ပြီး စိတ်ချရတဲ့ သောက်သုံးရေသန့် ရရှိရေးဟာ ကလေးငယ်တွေရဲ့ ကျန်းမာရေးအတွက် အဓိက ဦးစားပေးတာဝန်ဖြစ်တဲ့ အကြောင်းနဲ့ လက်ရှိ ရခိုင်ပြည်နယ်က ထိခိုက်နစ်နာ မိသားစုတွေ ရေကောင်းရေသန့်  ရရှိစေရန် ယူနီဆက်ဖ်က ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် အဓိကရေဘေးနဲ့ ကြုံတွေ့ခဲ့ရတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ရှိ့  အရေးပေါ် ကယ်ဆယ်ရေးစခန်းတွေက ကလေး ၂၀၀၀ ကျော်နဲ့ မိသားစုတွေအတွက် ယူနီဆက်ဖ်က ဆပ်ပြာနဲ့အတူ တကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းတွေနဲ့ အခြေခံအသုံးအဆောင်တွေ ပေးပို့ကူညီခဲ့တယ်လို့လည်း လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
မိခင်နို့ရည်ဟာ ကလေးငယ်အတွက် အကောင်းဆုံးအာဟာရကို ရရှိစေပြီး ရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တဲ့အကြောင်း၊ ရေဘေးကြုံလာရင် အသက်ကြီးသူတွေ၊ ကလေးငယ်တွေနဲ့ မသန်စွမ်းကလေးငယ်တွေကို တယောက်တည်း ပစ်မထားခဲ့ဘဲ မိသားစုအားလုံး အတူတကွ နေကြဖို့လည်း တိုက်တွန်းထားပါတယ်။
လက်ရှိရေဘေးဒဏ်ခံနေရတဲ့ ဧရာဝတီတိုင်း သာပေါင်းမြို့ သဇင်လှကျေးရွာက ကလေး ၃ ယောက်မိခင် ဒေါ်တလုပ်ကတော့ ကလေးတွေအတွက် လတ်တလော အဓိက လိုအပ်နေတာက အစားအသောက်ပါလို့ ဒီဗွီဘီကို ပြောပါတယ်။
“ကျောင်းမတက်ရပေမယ့် အခုလောလောဆယ်ကတော့  ကလေးတွေအတွက် အစားအသောက်ပဲပေါ့။ ရေတွေ တအားကြီးနေတော့ အဲဒါလေးပဲ လိုအပ်တာ။”
သာပေါင်းမြို့နယ်မှာဆိုရင် ပြီးခဲ့တဲ့ အပတ်ကတည်းက ရေတက်လို့ ကျောင်းတွေ ရေနစ်မြုပ်နေတဲ့အတွက် ကျောင်းအတော်များများ ပိတ်ထားပြီး ကလေးတွေ ကျောင်းမတက်နိုင် ဖြစ်နေရပါတယ်။
သဇင်လှကျေးရွာဘက်ကို ရေဘေးသွားရောက်ကူညီနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဝင် တဦးကလေည်း လောလောဆယ် ရေကြီးမှုကြောင့် သာပေါင်းမြို့နယ်မှာ အဓိက ကလေးတွေအတွက် နေဖို့ထိုင်ဖို့နဲ့ စားဝတ်နေရေးက အဓိက အကူအညီလိုနေတယ်လို့ ပြောပါတယ်။
“သူတို့အိမ်ကို ရေတက်ပြီဆိုတော့ ဒုက္ခသည်စခန်းကို ပြောင်းကြတယ်။ အဲဒီမှာဆိုရင် အဓိက စားဖို့သောက်ဖို့ပဲ။ အကူအညီတွေ မရောက်ဘူးဆိုရင် ဖြစ်သလိုနေ ဖြစ်သလိုစားရမယ်ပေါ့။ ကူညီရေးအဖွဲ့ မရောက်တာများရင် ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။ လိုအပ်ချက်တခု အနေနဲ့ကတော့ ကျောင်းမသွားရတဲ့အတွက် ရေကြားထဲမှာပဲ နေကြရတယ်ဆိုတော့ ဆော့တာပြုတာနဲ့ အသက်အန္တရာယ် ရှိလာနိုင်ပါတယ်။”
နိုင်ငံတ၀န်း တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ ရေကြီးမိုးကြီးခဲ့လို့ ရေဘေးသင့်သူ လူဦးရေ ၁ သန်းလောက်ရှိပြီး  သေဆုံးသူ ၁၀၀ ရှိနေပြီလို့ အစိုးရက တရားဝင်ထုတ်ပြန်ထားပါတယ်။
DVB