Pages

Sunday, August 23, 2015

ဘုတ်ပြင်းမြို့နယ် NLD လူငယ် တာဝန်ခံ အဖမ်းခံရ


ဘုတ်ပြင်း NLD လူငယ်တာဝန်ခံ ကိုနီရဲ
|Dawei Watcch|ကော့သောင်း၊ ဩဂုတ် ၂၃
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် NLD လူငယ် ခေါင်းဆောင်တစ်ဦးအား ဘုတ်ပြင်း မြို့နယ် ထွေ /အုပ် နေအိမ်ကို ခဲဖြင့် ပေါက်သည်ဟု စွပ်စွဲကာ ဩဂုတ်လ ၁၅ ရက်နေ့တွင် ဘုတ်ပြင်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု ဖမ်းဆီး ခံရသည့် လူငယ်၏ မိသားစုဝင်များထံမှ သိရ သည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၂၅ ရက်နေ့ ညတွင် မင်္ဂလာပွဲမှ ပြန်လာသည့် NLD လူငယ်တာဝန်ခံအား  ဘုတ်ပြင်း မြို့နယ် အုပ်ချုပ်ရေးမှူး နေအိမ်ကို ခဲဖြင့် ပေါက်သူကို ဖော်ထုတ်ပေးရန် ဘုတ်ပြင်းမြို့နယ် ရဲမှူးနှင့် ရဲအုပ်တို့က နေအိမ်တွင် လာရောက် အကူအညီ တောင်းခဲ့သည်ဟု အဖမ်းခံထားရသည့် ကိုနီရဲ၏ ဖခင် ဦးသောင်းညွန့်က ပြောသည်။
“အိမ်လာပြောတုန်းက သား ဆိုင်ကယ်နောက်က ကလေးတွေ ပစ် တယ်၊ အဲဒီကလေးတွေ ဘယ်သူဆိုဒါ ပြောပေးဖို့လာ အကူ အညီ တောင်းတာပဲ။ အခုက ဒီလို မဟုတ်တော့ဘူး ၊ ရန်ကုန်အစည်အဝေးက ပြန်လာတဲ့ သားကို လမ်းပိုင်းက ဆီးဖမ်းပြီး အချုပ်ထဲထည့် အမှုဖွင့်တယ်။ ရိုက်ပုတ် နှိပ်စက်မူတွေ လုပ်ထားတယ်”ဟု ဖခင်ဖြစ်သူက ပြောပြသည်။
လက်ရှိ အဖမ်းခံထားရသည့် ကိုနီရဲ၏ ဆိုင်ကယ်နောက်တွင် ဆိုင် ကယ်သုံးစီးပါလာသည်ကို တွေ့ရ သည်ဟု အထက်ပါ ထွေ / အုပ်ရုံးမှ စာရေးက ပြောသည့်အတွက် အိမ်သို့ ယင်းသို့  လာမေးခဲ့ခြင်း ဖြစ်သည်ဟု သိရကြောင်း ကိုနီရဲ၏ မိဘများက ပြောသည်။
လာရောက် မေးမြန်းစဉ်ကလည်း ခဲဖြင့် ပေါက်သည့် ဖြစ်စဉ်ကိုရော ၎င်းနောက်တွင် အခြားသူများ ပါလာသည်ကိုပါ မသိဟု ကိုနီရဲက ပြန်ဖြေခဲ့ ကြောင်း ၎င်းတို့က ပြောသည်။
ဖမ်းဆီးခံရပြီး နောက်တစ်နေ့ ညနေပိုင်းတွင်သာ တစ်ကြိမ်တွေ့ခွင့်ရပြီး နောက်ပိုင်းနေ့များတွင် စကားပြောခွင့် မပြုတော့ဟု ကိုနီရဲ၏ မိဘများက ပြောသည်။
ယင်းသို့ တွေ့ခွင့်ရစဉ်တွင် နံပတ်တုတ်ဖြင့် ရိုက်နက်ခံရသည်ဟု ကိုနီရဲက ပြောပြပြီး  မျက်နှာဖူးယောင်ကာ ခြေသလုံးလည်း ညိုမဲနေသည်ကို တွေ့ရကြောင်း ၎င်းတို့က ပြောသည်။
ယခုကဲ့သို့ မျက်မြင်သက်သေမရှိဘဲ စွပ်စွဲ ဖမ်းဆီးထားသည့်ကိစ္စကို အမှုမှန် ပေါ်ပေါက်ရေးနှင့် တရားမျှတမှု ရှိရေး အတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တိုင်ကြားစာ ပေးပို့သွားမည်ဖြစ်ကြောင်း ဦးသောင်းညွန့်က ပြောသည်။
ကိုနီရဲအား ဖမ်းဆီးသည့် ကိစ္စနှင့် ပတ်သက်ပြီး အခြေအနေအသေးစိတ်ကို သိနိုင်ရန် ဘုတ်ပြင်းမြို့နယ် ရဲတပ်ဖွဲ့သို့ ဆက်သွယ် မေးမြန်းရာ ယင်းအမှုကို စခန်းမှူးကိုယ်တိုင် ကိုင်တွယ်နေသည့် အတွက် ဖြေကြားခွင့် မရှိဟု တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထို့ကြောင့် ဘုတ်ပြင်းမြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူးအား တယ်လီးဖုန်းဖြင့် ဆက်သွယ် မေးမြန်းရန် အကြိမ်ကြိမ် ကြိုးစားခဲ့ သော်လည်း တယ်လီဖုန်းလိုင်း အခက်အခဲကြောင့် ဆက်သွယ်၍ မရခဲ့ ပေ။

Dawei Watch