Pages

Saturday, September 12, 2015

ထားဝယ်တွင် ကြော်ငြာဗီနိုင်းများကို စည်ပင်က ဖြုတ်သိမ်း



|Dawei Watch| ထားဝယ်၊ စက်တင်ဘာ ၁၂
ထားဝယ်မြို့ သာယာလှပရေးအတွက် လမ်းနံဘေးတစ်လျှောက်တွင် ကပ်ထားသည့် စီးပွားရေးကြော်ငြာဆိုင်းဘုတ်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လိုက်လံ ဖြုတ်သိမ်းလျက်ရှိကြောင်း ယင်းအဖွဲ့ထံက သိရသည်။
မြို့ပေါ်လမ်းနံဘေးတစ်လျှောက် နေအိမ်ခြံစည်းရိုးများ၊ ဓာတ်မီးတိုင်များ၊ လမ်းဆုံလမ်းခွများတွင် စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုချက်မယူဘဲ ကပ်ထားသည့် ကြော်ငြာများ အထူးသဖြင့် ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုဖြစ်သည့် တယ်လီနောနှင့် အော်ရီဒူး ဆိုင်းဘုတ်များကို ထားဝယ်စည်ပင်သာယာရေးအဖွဲ့မှ လိုက်လံ ဖြုတ်သိမ်းနေခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က အမှုဆောင်အရာရှိ ဦးအောင်ကျော်မျိုးက ပြောသည်။
“ကုမ္ပဏီက တာဝန်ရှိတဲ့သူတွေနဲ့လည်း တွေ့ပြီးပါပြီ။ သူတို့ကို ကပ်ထားတာတွေ ပြန်ဖြုတ်ပေးဖို့ ပြောထားတယ်။ သူတို့ မဖြုတ်သေးတာတွေကို စည်ပင်က လိုက်ဖြုတ်နေတာ” ဟု ဦးအောင်ကျော်မျိုးက ဆိုသည်။
ထားဝယ်မြို့တွင် တယ်လီနောနှင့် အော်ရီဒူး ကြော်ငြာများကို နေရာအနှံတွင် အပြိုင်အဆိုင် ကပ်လာကြခြင်းကြောင့် တိုင်းဒေသကြီးမြို့တော်ဖြစ်သည့် ထားဝယ်မြို့သာယာလှပရေးကို ထိခိုက်စေခြင်းကြောင်း ယင်းသို့ ပြန်ဖြုတ်သိမ်း ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“စည်ပင်က မနက်က အမှိုက်ကားနဲ့ လာဖြုတ်သွားတယ်။ တယ်လီနော ဗီနိုင်းတွေ လာကပ်တဲ့အချိန်တုန်းက ခြံစည်းရိုးမှာ ကပ်ဖို့ ခွင့်တောင်းလို့ ကပ်ခိုင်းလိုက်တယ် ” ဟု ဆန်းချီလမ်းဆုံမှ အီလက်ထရောနစ်ပစ္စည်းရောင်းသူတစ်ဦးက ပြောသည်။
ယင်းကြော်ငြာဗီနိုင်းများနှင့် ပက်သက်၍ နေအိမ်ခြံစည်းရိုးများတွင် ပိုင်ရှင်၏ ခွင့်ပြုချက်မယူဘဲ ကပ်ထားသူများရှိသည်ဟုဆိုကာ ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခု၏ ဗီနိုင်းကပ်ခြင်းအပေါ် မြို့ခံအချို့ကြား ဝေဖန်မှုများလည်း ထွက်ပေါ်နေသည်။
စီးပွားရေး လုပ်ငန်းများ ကြော်ငြာမည်ဆိုပါက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံတွင် ၎င်းတို့ ကပ်လိုသည့်နေရာကို အဆိုပြု၍ ခွင့်ပြုချက် တောင်းခံနိုင်ပြီး စည်ပင်သာယာရေးအဖွဲ့က နေရာကို စိစစ်၍ ခွင့်ပြုမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

Dawei Watch