Pages

Tuesday, September 8, 2015

မြိတ်တွင် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ပေါ် စိတ်မနှံ့သူတစ်ဦး တက်စီး



|Dawei Watch| မြိတ်၊ စက်တင်ဘာ ၈
မြိတ်မြို့ မြို့နယ်ခေါင်ရှိ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ထုပေါ်သို့ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီခွဲ့ခန့်တွင် စိတ်မနှံ့သည့် အမျိုးသားတစ်ဦး တက်စီးမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း မြို့ခံ မျက်မြင်များထံမှ သိရသည်။
အခင်းဖြစ်ပွားချိန်သည် ကျောင်းဆင်းခါနီးဖြစ်သည့်အတွက် ယာဉ်သွားယာဉ်လားများနှင့် လာရောက် ကြည့်ရှုသူများကြောင့် မိနစ် ၂၀ ခန့် ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်သည့်နေရာသို့ သွားကြည့်ခဲ့သည့် မြို့ခံ ဆိုင်ကယ်အငှား ယာဉ်မောင်းတစ်ဦးက ပြောသည်။
ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ပေါ် တက်စီးသူကို မြိတ်မြို့နယ် ရဲစခန်းမှ လာရောက် ခေါ်ဆောင်သွားပြီး ယင်းမှ တဆင့် မြိတ် ပြည်သူ့ ဆေးရုံသို့ ပို့ပြီး စစ်ဆေးရာ အမှန်တကယ်ပင် စိတ်မနှံ့သူ တစ်ဦးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု မြိတ်မြို့နယ် ရဲစခန်းမှ သိရသည်။
“စိတ်မနှံ့တဲ့သူ တစ်ဦး ဖြစ်နေပါတယ်။ ဒါကြောင့် အရေးမယူပဲ ပြန်လွှတ်ပေးလိုက်ပါပြီ”ဟု မြိတ် မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဗိုလ်ချုပ်မြင်းစီး ကြေးရုပ်တွင် တက်ရောက်စီးနင်းသူ ဦးအောင်ဇော်(ခ) အောင်ဇော်ထူး အသက် ၄၉ နှစ်ဖြစ်ပြီး မြိတ်မြို့ ကန်ဖျားနယ်မြေ၊ ပလောက်စု ရပ်ကွက်၊ ရဲသိပ္ပံ(၃) လမ်းတွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။
မြိတ်တွင် ၂၀၁၃ ခုနှစ်၊  အောင်တိုဘာလ ၂၄ ရက်နေ့ကလည်း ယင်းမြင်းစီးကြေးရုပ်ရှိ ဗိုလ်ချုပ်လက်ထဲ သာသနာ့အလံတစ်ခုက အမည်မသိ သူတစ်ဦးက လာရောက် စိုက်ထူမှု ဖြစ်ခဲ့ဖူးသည်။
Dawei Watch