Pages

Saturday, October 3, 2015

ထိုင်းဘုရင့်သမီးတော် သီရိဒုံ ထားဝယ်စီမံကိန်းသို့ သွားရောက်





ထိုင်းဘုရင့် သမီးတော် ထားဝယ်မြို့၊ ရွှေတောင်စားစေတီ ၊လောကမာရဇိန်ဘုရားကြီးဝင်းအတွင်းရောက်ရှိစဉ်
ဓာတ်ပုံ - အောင်သူ / Dawei Watch

|Dawei Watch| ထားဝယ်၊ အောက်တိုဘာ ၃
ထိုင်းဘုရင့် သမီးတော် မဟာချက်ကရီ သီရိဒုံသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ထားဝယ်မြို့သို့ အောက်တိုဘာလ ၃ ရက်က လေကြောင်းခရီးဖြင့် ဆိုက်ရောက်ရောက်ချင်း ထားဝယ်စီမံကိန်းဧရိယာသို့ သွားရောက်ခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့များနှင့် ယင်းခရီးစဉ်တွင် လိုက်ပါသွားသည့် သတင်းမီဒီယာများထံမှ သိရသည်။
ယင်းနေ့ နံနက် ၇ နာရီ ၂၀ မိနစ်တွင် ထားဝယ်လေဆိပ်သို့ လေယာဉ်ဆိုက်ရောက်ပြီးနောက် ထားဝယ်စီမံကိန်းဖက်သို့ ချက်ခြင်း သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
ထားဝယ်စီမံကိန်း ရှင်းလင်းဆောင်တွင် အီတာလျံထိုင်း ကုမ္ပဏီ၏ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံသို့ သီရိဒုံလာရောက်သည့် ယခင် ခရီးစဉ်များသည် လူမှုရေးနှင့်ယဉ်ကျေးမှုစသည်တို့နှင့် ပတ်သက်သည့်  ခရီးစဉ် များဖြစ်ပြီး ယခု ၅ ကြိမ်မြောက် ခရီးစဉ်တွင် စီးပွားရေး စီမံကိန်းသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
ထားဝယ်စီမံကိန်းဧရိယာအတွင်းရှိ  ထားဝယ်-ကန်ချနပူရီလမ်းအစ ဖြစ်သည့် ၀ ကီလိုမီတာ သို့ သွားရောက် ကြည့်ရှုခဲ့ပြီးနောက် ဆိပ်ကမ်းငယ် တည်ဆောက်ထားသည့် နေရာနှင့် မြို့ပြစီမံကိန်း တည်ဆောက်ထားသည့် ၁၆ ကီလိုမီတာ နေရာများသို့ သွားရောက် ကြည့်ရှုခဲ့သည်ဟု သိရသည်။
သို့သော် စီမံကိန်းနှင့် ပတ်သက်ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းမှုကို မှတ်သားခြင်းမှအပ တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောခြင်း မရှိဟု ယင်းခရီးစဉ် လိုက်ပါသွားသူများနှင့် ခရီးစဉ် မှတ်တမ်း ဗီဒီယိုအရ သိရသည်။
ယင်းနောက် မွန်းလွှဲပိုင်းတွင် ထားဝယ်ဘုရားကြီးဝင်းအတွင်းရှိ လောကမာဇိန်ဘုရားနှင့် ရွှေတောင်စားစေတီတော်တို့အား ဖူးမျှော်ပြီး ဘုရားကြီး ပိဋကတ်တိုက်နှင့် ဘုရားကြီး ပြတိုက်တို့ကို လှည့်လည်ကြည့်ရှုခဲ့သည်။
သီရိဒုံသည် ညနေ ၃နာရီ ၃၂ မိနစ်တွင် ထားဝယ်မှရန်ကုန်သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာ သွားခဲ့ပြီး အောက်တို ဘာလ ၄ရက်နေ့တွင် ရန်ကုန်မှ မြိတ်မြို့သို့ လေကြောင်းခရီးဖြင့် လာရောက်မည်ဟု လုံခြုံရေး တပ်ဖွဲ့ထံမှ သိရသည်။

Dawei Watch