Pages

Friday, November 13, 2015

မခုတ်ရန်ထားမြစ်ထားသည့် ထန်းပင်အချို့ကို ထားဝယ်အများပိုင်ကုမ္ပဏီ ခုတ်လှဲ

ထားဝယ်မြို့အ၀င်ရှိ ထန်းပင်တန်း


ခုတ်လှဲထားသည့် ထန်းပင်ငုတ်အား မြက်ခြောက်များဖြင့် ဖုံးထားပြီး
ထန်းပင်စည်ကို အထပ်သားဖြင့် ဖုံးထားပုံ


|Dawei Watch| ထားဝယ်၊ နိုဝင်ဘာ ၁၃
ထားဝယ်မြို့၊ ကမြောကင်းတံတားအနီးရှိ မြို့အ၀င်ထန်းပင်တန်းကို စည်ပင်သာယာမှ မခုတ်ရန် တားမြစ်ထားသော်လည်း ထားဝယ်အများပိုင်ကုမဏီက နှစ်ပင်ခုတ်လှဲခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
ယင်းထန်းပင်တန်းသည့် မြို့ကျက်သရေဆောင်ထန်းပင်တန်းဖြစ်သောကြောင့် မည်သည့်ကုမ္ပဏီ၊ အဖွဲ့အစည်းကိုမှ ခုတ်လှဲ ခွင့်ပြုမည်မဟုတ်ကြောင်း စည်ပင်သာယာရေးအဖွဲ့က ပြီးခဲ့သည့် လက သတင်းမီဒီယာများအား ပြောဆိုခဲ့ဖူးသော်လည်း ရွေးကောက်ပွဲ ပြုလုပ်သည့် ရက်ပိုင်းအတွင်း ထားဝယ်အများပိုင်က ခုတ်လှဲခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
“အဲဒီကိစ္စကို နောက်ဆုံးအကြိမ်နေနဲ့ ကုမဏီကို ခေါ်ပြီး သတိပေး လက်မှတ်ရေးထိုးခိုင်းမယ်။ နောက်နောင် စည်ပင်ရဲ့ ခွင့်ပြုချက်မရှိဘဲ မိမိသဘောနဲ့ မိမိခုတ်ထွင်ရှင်းလင်းမယ်ဆိုရင် စည်ပင်သာယာရေးဥပဒေအရ တရားစွဲမယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
ထားဝယ်မြို့နယ်စည်ပင်သာယာရေးကော်မတီက နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထန်းပင်များကို သွားရောက်စစ်ဆေးခဲ့ရာ ဓာတ်ဆီဆိုင်အထွက်တွင် တစ်ပင်နှင့် ဆိပ်ကမ်းသာလမ်းနှင့် မျက်နှာချင်းဆိုင်လမ်းတွင် တစ်ပင် ခုတ်လှဲထားသည်ကို တွေ့ရှိ ခဲ့ရပြီး ကုမဏီဘက်က ခွင့်ပြုချက်မတောင်းဘဲ ခုတ်မိခဲ့သည့်အတွက် တောင်းပန်ခဲ့သည်ဟု ၎င်းက ဆိုသည်။
သို့သော် နိုဝင်ဘာလ ၁၁ ရက်နေ့ည ၁၂ နာရီခွဲတွင် ယင်းထန်းပင်တန်းအတွင်း ထန်းပင်ထပ်မံခုတ်လှဲနေသည်ဟု ယူဆရသူ တချို့ကို တွေ့မြင်ခဲ့ရကြောင်း ထားဝယ်မြို့ခံ မျက်မြင်တစ်ဦးက ဆိုသည်။
တကယ်က လုံးဝမလုပ်သင့်ဘူး။ ခံဝန်ကတိနဲ့ မလုံလောက်ဘူး။ လုပ်ပြီးတော့ တောင်းပန်တာက တမင်ကျူး လွန်ပြီးမှ ပြန်တောင်းပန်သလိုဖြစ်နေတယ်။ မသိတာလည်းမဟုတ်ဘူး။ မလုပ်ရဘူးလို့ လည်းပြောထား ပြီးသားလေ။ ထန်းပင်တွေက သူတို့အတွက် ဘာမှတန်ဖိုးမရှိပေမယ့် မြို့အ၀င်မှ အလှထားတဲ့ ထန်းပင်တွေ၊ စည်ပင်ဘက်ကလည်း ထန်းပင်လှဲရင် အရေးယူမယ်လို့ ပြောထားတာကို အခုလို ခံဝန်ထိုးခိုင်း လိုက်တော့ ဥပဒေကို လေးစားလိုက်နာမှုကို နားနည်းလာ စေတယ်လို့ မြင်တယ်။ ထန်းပင်တစ်ပင် ဒီလောက်ရဖို့ ဆိုရင် နှစ်ပေါင်းများစွာစောင့်ရတာဟု နှစ်စဉ်မိုးရာသီတွင် သစ်ပင်များစိုက်ပျိုးလေ့ရှသူ ထားဝယ်လူငယ် မိတ်သဟာရအဖွဲ့မှ ကိုဘိုဘိုအောင်က ပြောသည်။
ထန်းပင်များကို မည်သူမျှ ထပ်မံမခုတ်လှဲစေရန်အတွက် ထန်းပင်တိုင်းတွင် ၄ လက်မ ပတ်လည်အရွယ်အစားရှိသည့် နံပါတ်ပြား များကပ်ကာ ထိန်းသိမ်းသွားရန် စီစဉ်နေကြောင်း ထားဝယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
ယင်းထန်းပင်တန်းရှိ ထန်းပင်များကို ခုတ်လှဲရန်အစီအစဉ်မရှိကြောင်း ထားဝယ်အများပိုင်ကုမဏီက ပြောဆိုခဲ့ဖူးသော်လည်း လက်ရှိတွင် ယင်းသို့ ခုတ်လှဲမှုများပြုလုပ်
လာခြင်းဖြစ်သည်။
ကမြောကင်းတံတားအနီး ထန်းပင်တန်းတွင် ထန်းပင် ၁၄၅ ပင်ရှိကြောင်း ထားဝယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
Dawei Watch