Pages

Saturday, November 21, 2015

ထားဝယ်တွင် လိုင်စင်မဲ့ အရက်ဆိုင်များကို အရှိန်မြှင့် ဖမ်းဆီးသွားမည်


ထားဝယ်၊ နိုဝင်ဘာ ၂၁

ထားဝယ်မြို့တွင် လိုင်စင်မဲ့ အရက်ဆိုင်များကို ယခုနိုဝင်ဘာလမှစပြီး အရှိန်မြှင့် ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ထားဝယ်မြို့မ ရဲစခန်းမှ သိရသည်။
ယခင်ကဲသို့ အမှုလိုအပ်ချက် ပြည့်မီအောင် အလှည့်ကျ ဖမ်းဆီး နေခြင်း မဟုတ်တော့ပဲ ပြတ်ပြတ် သားသား ဖမ်းဆီး အရေးယူသွား တော့မည်ဟု မြို့မရဲစခန်းမှူးက ဆို သည်။
အခုချိန်က စပြီး ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်တယ်”ဟု စခန်းမှူး ဒုရဲမှူး မျိုးမြင့်ဦးက ပြောသည်။
အအေးဆိုင်၊  စတိုးဆိုင်များတွင် အရက်ဘီယာ ရောင်းချနေမှုများကိုလည်း ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကာ ထားဝယ်၌ ရဲတပ်ဖွဲ့ ဝန်ထမ်းဖွဲ့စည်းပုံ မပြည့်မီသည့်အတွက် အခြားတာဝန်များ မရှိသည့် အချိန်တွင် အင်အားကို ထုတ်နှုတ်ပြီး ကြိုးစားဖမ်းနေရကြောင်း ယင်းက ဆက်ပြောသည်။့
နိုဝင်ဘာလ ၁၅ ရက်က ထားဝယ်မြို့တွင် လိုင်စင်မဲ့ အရက်ဆိုင် ၁၀ ဆိုင်ဖမ်းဆီး အရေးယူနိုင်ခဲ့ပြီး အင်အားအနည်းငယ်ဖြင့် သွားရောက် ဖမ်းဆီးပါက ပြန်ခုခံပြီး မလိုလားအပ်သည့် ပြဿနာများ မဖြစ်လာစေရေးအတွက် အင်အားကို ပြန် စုစည်းပြီး ဖမ်းဆီးနေရကြောင်း သိရသည်။
အရက်ဆိုင် ရောင်းချသူများ အနေဖြင့် ယစ်မျိုးလိုင်စင် ၄၁မျိုးရှိ သည့်အနက် အရက်ဖြူအား  စားသောက်ဆိုင်အတွင်း ရောင်းချ သောက်သုံးခွင့်လိုင်စင်အား တစ်သိန်း ကျပ်မှ စ၍ မိမိရောင်းချမည့် အရက် အမျိုးအမည်ပေါ် မူတည်ကာ ငွေကျပ် သိန်းဆယ်ဂဏန်းအထိ ပြုလုပ်ရကြောင်း သိရသည်။
အရက်ရောင်းချခွင့်လိုင်စင် ၃ မျိုး ခန့်ပြုလုပ်ပါက အရက်ကို ဈေးတင် ရောင်းချမည်ဖြစ်သဖြင့် ဈေးကွက်အရ  မိမိဆိုင်တွင် သောက်သုံးသူရှိတော့မည် မဟုတ်ဟု ထားဝယ်မြို့ပေါ်ရပ်ကွက်မှ အရက်ရောင်းချသူတစ်ဦးက ဆိုသည်။
“တစ်နှစ်ကို တစ်ဆယ့်ငါးသိန်း လောက် အကုန်ကျခံပြီး လိုင်စင် လုပ်ရ မယ်ဆိုရင် မရောင်းတော့ဘဲ ဆိုင်ပိတ် လိုက်တာ ကောင်းမယ်ဟု ၎င်းက ဆိုသည်။
အရက်ဆိုင်ဖွင့်ကာ လက်လီ ရောင်းချနေသည့် ဆိုင်ရှင်များသည်  သက်ဆိုင်ရာ ယစ်မျိုးလိုင်စင်များအပြင် စည်ပင်အခွန်နှင့် အမြတ်ခွန်များကိုလည်း တစ်နှစ်တစ်ကြိမ် ပေးဆောင်နေရ ကြောင်း သိရသည်။
ယစ်မျိုး လိုင်စင်များကို လိုင်စင် သက်တမ်း ၁ နှစ်ပေးထားပြီး သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့် မတ်လတွင် လိုင်စင်အသစ် လဲလှယ်ပေးကာ လိုင်စင်အသစ် ချထားပေးခြင်း မရှိတော့ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသိရှိရသည်။
ယစ်မျိုးလိုင်စင်မရှိဘဲ အရက်ဆိုင် ရောင်းချနေသူများကို ယစ်မျိုး ၃၀ ဥပဒေအရ အနိမ့်ဆုံး ဒဏ်ကြေးငွေ ကျပ်တစ်ထောင်မှ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်တစ်လအထိ ချမှတ် နိုင်ကြောင်း သိရသည်။
 |Dawei Watch|