Pages

Sunday, November 29, 2015

ထားဝယ် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲ လူအင်အား ၁၅၀ ဖြင့် အမှိုက်ရှင်းကုသိုလ်ပြု




Dawei Watch| ထားဝယ်၊ အောက်တိုဘာ ၂၆

ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားရုပ်ပွားတော်များ မြို့အတွင်းသို့လှည့်လည်ပူဇော်ခံသည့် လမ်းတလျှောက်ရှိ အမှိုက်သရိုက်များကို ထားဝယ်မြို့မှ ကုသိုလ်ပြုသန့်ရှင်းရေးစေတနာရှင် ၁၅၀ ဦးခန့်က လိုက်လံရှင်းလင်းခဲ့ကြောင်းယင်း ကုသိုလ်ပြုသန့်ရှင်းရေးကို ဦးဆောင်လုပ်ကိုင်သူ ဦးချိုင်ဟုတ်ရှိန်က ပြောကြားသည်။

နှစ်စဉ် ထားဝယ်တန်ဆောင်တိုင်ပွဲတော် ကာလပြီးသည့်အချိန်တွင် မြို့တွင်း လမ်းမများအပေါ်ရှိ အမှိုက်များကို  စည်ပင် သာယာဝန်ထမ်းများက အချိန်ယူရှင်းလင်းခဲ့ရသော်လည်း ယခုနှစ်တွင် ပထမဆုံးအကြိမ် အဖြစ် စေတနာရှင်များက နှစ်ကျိပ် ရှစ်ဆူဘုရားများလှည့်လည်သည့်အချိန်တွင် တပါတည်းလိုက်ပါ အမှိုက်ရှင်းလင်းခဲ့သည်ဟုသိရသည်။

လမ်းတလျှောက်ရှိအမှိုက်များကို စေတနာရှင်များက တံမြက်စည်းကြမ်းဖြင့်လှဲခြင်း၊ တံမြက်စည်းချောဖြင့်လှဲကာ အမှိုက် ခတ်များဖြင့်သိမ်းဆည်းခြင်းများပြုလုပ်ပြီးနောက် လက်ကျန်အမှိုက်များကို နောက်ဆုံးမှလိုက်ပါလာသော စေတနာရှင်များ က ထပ်မံရှင်းလင်းခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း ၄င်းကပြောဆိုသည်။

"ကိုယ်တစ်ယောက် အမှိုက်ပစ်လိုက်လို့် လိုက်ကောက်နေသူတွေအတွက် ဘယ်လောက် ပင်ပန်းပြီးသိမ်းနေရလည်း ဆိုတာသိအောင် ကိုယ့်တာဝန်ကိုယ်ယူတတ်အောင် ကိုယ့်အမှိုက်ကိုယ် ရှင်းတတ်အောင် အမှိုက်သိမ်းတာလေ့ကျင်ဖြစ်လာအောင် လုပ်ဆောင်တာပါ"ဟု ဦးချိုင်ဟုတ်ရှိန်ကဆိုသည်။

အဆိုပါ လမ်းတလျှောက်သိမ်းဆည်းခဲ့သောအမှိုက်များကို ဘုရားကြီးဂေါပကအဖွဲ့မှစီစဉ်ပေးသည့် အမှိုက်သယ်ကားနှင့် စည်ပင်သာယာရေးအမှိုက်သယ်ကားတို့က တပါတည်းလိုက်လံသိမ်းဆည်းခဲ့သည်ဟုသိရသည်။

ထို့အပြင် နှစ်ကျိပ်ရှစ်ဆု ဘုရားများ စံထားရာ ဘုရားကြီးဝင်းအတွင်း အမှိုက်များကိုလည်း ရှင်းလင်းခဲ့သည်ဟုသိရသည်။

ထားဝယ်တန်ဆောင်တိုင်ပွဲတော်သည် ထားဝယ်ဒေသအတွင်း အစည်ကားဆုံး ပွဲတော်တစ်ခုဖြစ်ပြီး နှစ်ကျိပ်ရှစ်ဆူဘုရားများ ကို နှစ်စဉ်တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ညအချိန်မှ တန်ဆောင်မုန်လပြည့် နံနက်ပိုင်းအထိ ထားဝယ်မြို့အတွင်းသို့ လှည့်လည်ပူဇော်ခံခဲ့သည်။