Pages

Monday, November 30, 2015

စားသုံးရန်မသင့်သည့် မုန့်များအကြောင်း ထားဝယ်မြို့ပေါ် ကျောင်းများတွင် ဟောပြောမည်



Dawei Watch| ထားဝယ်၊ နိုဝင်ဘာ ၃၀ 

ထားဝယ်မြို့ပေါ်ရှိ အစိုးရ အခြေခံပညာကျောင်းများတွင် စားသုံးရန်မသင့်သည့် မုန့်များအကြောင်း ဟောပြောပွဲများပြုလုပ်သွားမည်ဖြစ်ကြောင်း ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနထံမှ သိရသည်။

စာသုံးသူကာကွယ်ရေးအတွက် ယင်းသို့ဟောပြောပွဲများကို ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီး၍ ထားဝယ်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း ၆ ကျောင်းတွင် ယခုလနှင့် လာမည့်ဒီဇင်ဘာလအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း ယင်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စွာဝင်းက ပြောသည်။

“စားသုံးသူ ကာကွယ်ရေးနဲ့ ပက်သက်ပြီး ကျောင်းတွေမှာ ဟောပြောပွဲမလုပ်ဖူးသေးဘူး။ အခုလုပ်တာက ပထမဆုံးပဲ” ဟု ဦးကျော်စွာဝင်းက ဆိုသည်။

ယခင်က အခြေခံပညာကျောင်းများတွင် မုန့်ဈေးတန်းများကို ၈ ကြိမ် စစ်ဆေးခဲ့ဖူးပြီး အာမခံချက်မရှိသော၊ စားသုံးရန်မသင့်သော မုန့်များကို သိမ်းဆည်းခြင်း၊ နမူနာယူခြင်းနှင့် ရောင်းသူများအား ပညာပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ဟောပြောပွဲများတွင် ကျောင်းသူကျောင်းသားများအပြင် ကျောင်းမုန့်ဈေးတန်းများမှ မုန့်ရောင်းသူများကိုပါ ခေါ်၍ ပညာပေးဟောပြောခြင်း၊ မစားသင့်သည့် မုန့်များအကြောင်း ဗီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်းနှင့် ကျောင်းသူကျောင်းသားများအား အာမခံချက်ရှိသည့် မုန့်များကို နမူနာအဖြစ် ဝေပေးခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးကျော်စွာဝင်းက ပြောသည်။

“ကျောင်းသားတွေစားတဲ့မု့န်တွေနဲ့ ပက်သက်ပြီး ထိထိရောက်ရောက်လုပ်ပေးစေချင်တယ်။ ကလေးတွေက ကျောင်းမှာ သူတို့ ကြိုက်တာဝယ်စားကြတော့ မစားသင့်တာစားမိမှာ စိတ်ပူတယ်” ဟု ပိန္နတောရပ်ကွက်မှ ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

ဒီဇင်ဘာလအထိ အခြေခံပညာအထက်တန်းကျောင်း ၆ ကျောင်းတွင် ဟောပြောပွဲများပြုလုပ်ပြီးပါက တွဲဖက်အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်းများအထိ  ပြုလုပ်ရန် အစီအစဉ်ရှိပြီး ထားဝယ်မြို့နယ်အပြင် အခြားမြို့များတွင်လည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးကျော်စွာဝင်းက ပြောသည်။

ထားဝယ်မြို့ပေါ် မုန့်ဆိုင်များတွင် သိမ်းဆည်းကာ အစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲမှု အဖွဲ့(FDA) ထံသို့ စစ်ဆေးရန် ပို့ပေးထားသည့် မုန့်နမူနာ ၁၅ မျိုးရှိကြောင်း သိရသည်။