Pages

Saturday, November 14, 2015

မြိတ်တွင် ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်း ကုန်ကျငွေစာရင်းများကို မြို့နယ်အုပ်ချုပ်ရေးရုံးမှ တောင်းခံ


|Dawei Watch| မြိတ်နိုဝင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် မြိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်တစ်ချို့တို့မှ ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းများ၏ ကုန်ကျငွေစာရင်းများကို မြို့နယ် အုပ်ချုပ်ရေးရုံးမှ တောင်းခံမှုများရှိနေကြောင်း ရပ်ကွက်တစ်ချို့ရှိ ကွန်ကရစ်လမ်း ဖြစ်မြောက်ရေး ကော်မတီများထံမှ သိရသည်။
ယင်းကဲ့သို့ စာရင်းများ တောင်းခံနေသော်လည်း မည်သည့်အတွက်ကြောင့် တောင်းခံနေသည်ကို အကြောင်းအရင်း အတိအကျ မသိရှိကြကြောင်း လမ်းဖြစ်မြောက်ရေး ကော်မတီများမှ သိရသည်။
စာရင်းတောင်းတာက ဘာအတွက်လည်းဆိုတာ မသိပါဘူးမေးလည်း မမေးဖြစ်ဘူး၊ တောင်းတာပဲ ပေးလိုက်ပါ တယ်ဟု  မြိတ်တောင်ကျေးရွာမှ လမ်းဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးက ပြောသည်။
အဆိုပါကိစ္စ မြို့နယ် အုပ်ချုပ်ရေးရုံးသို့ ဆက်သွယ်မေးမြန်းရာ လူတစ်ဦးချင်းစီ၏ GDP နှင့် ပုဂ္ဂလိကလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှုများကို တွက်ချက်နိုင်ရန်အတွက် စာရင်းများ တောင်းခံရခြင်းဖြစ်ပြီး ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း ခင်းကျင်း ခဲ့သည့် လမ်းများအနက် လှမ်းလမ်းမီသမျှကို စာရင်းပြုစုသွားမည်ဟု  မြိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်အေးက ပြောသည်။
လမ်းကုန်ကျမှု စာရင်းတောင်းခံခြင်းကို ယခင်မြို့နယ်အုပ်ချုပ်ရေးဟောင်း ဦးသိန်းလွင်လက်ထက်တွင် တောင်းဆိုခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။
လမ်းက မနှစ်ကတည်းက ခင်းလို့ပြီးခဲ့တာပါ အုပ်ချုပ်ရေးဘက် စာရင်းတောင်းတာတွေ မရှိပါဘူး”ဟု ပါရမီ ရပ်ကွက်မှ လမ်းကော်မတီဥက္ကဋ္ဌ ဦးမောင်ဝင်းက ပြောသည်။
မြိတ်မြို့ပေါ်ရှိ ရပ်ကွက်ချို့တွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မှစပြီး ကိုယ်ထကိုယ်ထ ကွန်ကရစ်လမ်းများ ခင်းကျင်းမှုများ ရှိနေကာ လက်ရှိအချိန်ထိ လမ်းပေါင်း ၁၀၀ ကျော်ကို ခင်းကျင်းပြီးစီးနေပြီး ဆက်လက် ခင်းကျင်းနေသည့် လမ်းများ ရှိနေကြောင်း မြို့နယ်စည်ပင်သာယာရေးရုံးမှ သိရသည်။
အဆိုပါ ကိုယ်ထူကိုယ်ထလမ်းအနက် လမ်းတစ်ချို့တွင် ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာနမှ ဘိလပ်မြေအိတ်များ ထောက်ပံ့ပေး မှုတစ်ချို့ရှိခဲ့ကြောင်း သိရသည်။

Dawei Watch