Pages

Thursday, November 26, 2015

Microsoft နဲ့ ဦးအိုက်ထွန်းတို့ အိုင်တီသဘောတူညီချက်ရ


 ကမ္ဘာ့အကြီးဆုံး ဆော့ဖ်ဝဲလ်ကုမ္ပဏီ Microsoft ဟာ ဦးအိုက်ထွန်းပိုင် ရွှေတောင်အုပ်စုကုမ္ပဏီတွေ နဲ့ အိုင်တီနည်းပညာ ဆော့ဖ်ဝဲလ် ရောင်းချဖို့ သဘောတူညီချက် ရပြီဖြစ်ကြောင်း Financial Times သတင်းစာက ဒီကနေ့ ဖေါ်ပြလိုက်ပါတယ်။

ဦးအိုက်ထွန်းဟာ ဆောက်လုပ်ရေးအပြင် အာမခံလုပ်ငန်း ရန်ကုန်မြို့က Junction Square တည်ဆောက်ရေး စတာတွေကိုပိုင်ဆိုင်သူလို့သိရပြီး သူဟာ တစ်ချိန်က အမေရိကန်အစိုးရက မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားမှုနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး သံသယရှိခံရသူတစ်ဦးဖြစ်ပါတယ်။ ဦးအိုက်ထွန်းက အဲဒီကိစ္စဟာ အဲဒီအချိန်က တိုင်းပြည်ဟာ မပွင့်လင်းသေးတဲ့အပြင် မနာလိုမှုတွေ ကောလဟာလတွေသာ ဖြစ်တယ်လို့ ငြင်းဆိုထားပါတယ်။

တစ်ချိန်က ဦးအိုက်ထွန်း တည်ထောင်ခဲ့တဲ့ အာရှဓနဘဏ် ဟာလည်း အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့အရေးယူခဲ့ဖူးပြီး အဲဒီဘဏ်ဟာ မူးယစ်ဆေးဝါးနဲ့ရတဲ့ငွေတွေကို ငွေဖြူလုပ်တယ်လို့ သံသယရှိပြီး အရေးယူခဲ့တာဖြစ်ပါတယ်။ ၂၀၀၄ခုနှစ် အာရှဓနဘဏ်ဖျက်သိမ်းပြီးနောက်ပိုင်းမှာ စီးပွားရေး ပိတ်ဆို့မှုကို ပြန်လည်ရုတ်သိမ်းခဲ့တာဖြစ်ပါတယ်။

အမေရိကန်ကုမ္ပဏီ Microsoft က အခုသူတို့ပြုလုပ်မယ့် စီးပွားရေးလုပ်ငန်းသဘောတူညီချက်ဟာ မြန်မာနိုင်ငံမှာ ဒုတိယအများဆုံး ငွေပမာဏဖြစ်ပြီး အလားတူ အိုင်တီဆော့်ဖ်ဝဲလ် နည်းပညာမြှင့်တင်ရေး လုပ်ငန်းကို ဦီးအောင်ကိုဝင်းရဲ့ ကမ္ဘောဇဘဏ်နဲ့လည်း လုပ်ကိုင်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဦးအောင်ကိုဝင်းဟာလည်း စစ်အစိုးရလက်ထက်တုန်းက စစ်ဗိုလ်ချုပ်တွေနဲ့ စီးပွားရေး အတူလုပ်တယ်ဆိုပြီး ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူတဲ့စာရင်းမှာပါခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရတက်လာတဲ့အခါမှာ ပိတ်ဆို့မှု ပျက်ပြယ်သွားတာဖြစ်ပါတယ်။

RFA Burmese