Pages

Monday, December 28, 2015

တရားရေးနည်းလမ်း မပြီးသေးလို့ စိတ်ရှည်ကြဖို့ ထိုင်းရှေ့နေ များ မေတ္တာရပ်ခံ


လိပ်ကျွန်းလူသတ်မှုမှာ မြန်မာနိုင်ငံသား ၂ ဦးကို သေဒဏ်ချမှတ်လိုက်တာကြောင့် ဒီဇင်ဘာလ ၂၄ ရက်နေ့က ထိုင်းသံရုံးအနီးမှာ ဆန္ဒဖော်ထုတ်နေကြစဉ်
Photo: Kyaw Zaw Win/ RFA
ထိုင်းနိုင်ငံ ကော့စမွီးခရိုင်တရားရုံးက မြန်မာနိုင်ငံသားနှစ်ဦးကို သေဒဏ်အမိန့်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး၊ တရားရေးနည်းလမ်းနဲ့  ပြေလည်မှုရရှိရေး လုပ်ငန်းစဉ်ဟာ မပြီးဆုံးသေးတဲ့အတွက်  ဆန္ဒပြနေကြတဲ့ မြန်မာနိုင်ငံ သားတွေအနေနဲ့ အေးချမ်း တည်ငြိမ်စွာ နေကြဖို့၊ ဒီအမှုမှာ ငွေအား၊ လူအား အပြည့်နဲ့ ကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေများကောင်စီက မေတ္တာရပ်ခံလိုက်ပါတယ်။
ထိုင်းနိုင်ငံရှိ မြန်မာသံရုံးရဲ့ မေတ္တာရပ်ခံချက်အရ ထိုင်းရှေ့နေများကောင်စီက ကူညီပေးနေတာ ဖြစ်ပြီး ထိုင်းတရား စီရင်ရေးစနစ်အပေါ် ယုံကြည်မှုရှိကြဖို့ မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။
အခု ဖြစ်ပေါ်နေတဲ့ အခြေအနေကို အယူခံ တရားရုံး (သို့) တရားလွှတ်တော် အထိ တင်ပြတဲ့အခါမှာ အမှုသွား၊ အမှုလာ အချက်အလက်အားလုံးကို ပြန်လည် သုံးသပ်မှာ ဖြစ်ကြောင်း၊ မြန်မာသံအမတ်ကြီးနဲ့ တရားခံ မောင်ဇော် လင်း၊ မောင်ဝင်းဇော်ထွန်းတို့ရဲ့မိဘဆွေမျိုးတွေကို အခုလ ၃ဝ ရက်နေ့မှာ တွေ့ဆုံပြီး ဘာဆက်လုပ်နိုင်တယ် ဆိုတာ ရှင်းပြမှာ ဖြစ်ကြောင်း၊ မိမိတို့ ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသမျှ အစွမ်းကုန် ကြိုးစားလုပ်ဆောင်သွားမယ်ဆိုတာ ပြော လိုကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
RFA