Pages

Saturday, December 19, 2015

ဘီ-၅၂ ဗုံးကြဲလေယာဉ် တောင်တရုတ် ပင်လယ်အတွင်းရှိ ကျောက်တန်းပေါ် ပျံသန်းခဲ့ပြီးနောက် တရုတ်က အမေရိကန်ကို ပြင်းထန်စွာ ဝေဖန်

အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး ဟာရီဟားရစ်ဂျူနီယာက တောင်တရုတ် ပင်လယ်အတွင်းရှိ တရုတ် တည်ဆောက်နေသော ကျွန်းကို ရိုက်ကူးထားသည့် ဓာတ်ပုံအား စက်တင်ဘာ၁၇ ရက်က ပြသနေစဉ် (Photo : AP)
တောင်တရုတ် ပင်လယ်အတွင်းရှိ အငြင်းပွားနေသော နယ်မြေပေါ်သို့ အမေရိကန်၏ ဘီ-၅၂ ဗုံးကြဲလေယာဉ် တစ်စင်း ပျံသန်းခဲ့ပြီးနောက် ပြင်းထန်သော စစ်ရေးအရ ရန်စမှုဟု တရုတ်က အမေရိကန်ကို စွပ်စွဲခဲ့သည်။
တရုတ် ကာကွယ်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက် တစ်စောင်တွင် အမေရိကန်သည် အငြင်းပွားနေသည့် နယ်မြေအတွင်း တင်းမာမှုများ မြင့်တက်လာစေရန် တမင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းအစီရင်ခံစာတွင် အမေရိကန် အစိုးရအနေဖြင့် ယင်းကဲ့သို့သော ဖြစ်ရပ်များနှင့် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ပျက်စီးမှုကို ကာကွယ်ရန် ချက်ချင်း အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရေးကို တောင်းဆိုထားသည်။
ပင်တဂွန် စစ်ဌာနချုပ်မှ အရာရှိများက ၎င်းတို့သည် ဘီ-၅၂ လေယာဉ်၏ ပျံသန်းရာ လမ်းကြောင်းကို စုံစမ်း စစ်ဆေးနေသည်ဟု ဝေါစထရိဂျာနယ်သို့ ပြောကြားခဲ့သည်။ အမေရိကန်၏ စစ်လေယာဉ်သည် စပရက် တလီကျွန်းစုရှိ ကူအာတီရွန် ကျောက်တန်းနှင့် နီးကပ်စွာ ပျံသန်းခဲ့သည်ဟု ဆိုသည်။  အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ရာသီဥတု ဆိုးရွားမှုကြောင့် လေယာဉ်သည် လမ်းကြောင်းလွဲကာ အငြင်းပွားနေသော ပိုင်နက်အတွင်းသို့ ရောက်ရှိသွားခြင်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
အောက်တိုဘာလ အတွင်းကလည်း အမေရိကန် ရေတပ်သင်္ဘောတစ်စင်းသည် တောင်တရုတ် ပင်လယ်အတွင်းရှိ အငြင်းပွားနေသည့် ကျွန်းစု၏ ရေမိုင် ၁၂ မိုင်အတွင်း ၀င်ရောက်ခဲ့သေးသည်။ ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားသော အမေရိကန်ဖျက် သင်္ဘော USS Lassen က ဆူဘီ ကျောက်တန်းတစ်ဝိုက် ၀င်ရောက်လာမှုကို တရုတ် အာဏာပိုင်များက သတိပေးခဲ့သည်။ 
ယင်းအချိန်က အမေရိကန် ရေတပ်အာဏာပိုင်များသည် တရုတ်တို့၏ လူလုပ်ကျွန်းစု တစ်ဝိုက်ကို ရေပြင်ပိုင်နက်ဟု သတ်မှတ်ခြင်း မပြုနိုင်သောကြောင့် သင်္ဘော ဖြတ်သန်းသွားမှုသည် အမေရိကန်၏ အနေအထားကိုသာ လိုက်နာရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။ လွန်ခဲ့သည့် လအတွင်းကလည်း အမေရိကန်က ဘီ-၅၂ ဗုံးကြဲလေယာဉ် နှစ်စင်းသည် တရုတ်တို့၏ လူလုပ်ကျွန်းစု အနီး ပျံသန်းခဲ့သေးသည်။
“ကမ္ဘာကြီးရဲ့ ဒီအပိုင်းမှာရှိတဲ့ နိုင်ငံတကာ ဝေဟင်အတွင်းမှာ ဘီ-၅၂ ပျံသန်းမှုတွေကို ကျွန်တော်တို့ တစ်ချိန်လုံး လုပ်နေတာပဲ”  ဟု ပင်တဂွန်မှ ပြောရေးဆိုခွင့်ရှိသူ ပီတာကွက်က ပြောကြားခဲ့သည်။ သို့သော် မကြာသေးမီက ဘီ-၅၂ ပျံသန်းမှုများကို စီစဉ်ထားခြင်း မရှိဟု ဆိုသည်။
EMG