Pages

Tuesday, December 1, 2015

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ဦးဝင်းထိန် ပြောကြား


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်မယ့် အစိုးရ ၅ နှစ်တာကာလအတွင်း
 ပုဒ်မ ၄၃၆ နဲ့ ၅၉ (စ) တွေ ကို ပြင်နိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်နိုင်လာမယ်လို့ ယုံကြည်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးဝင်းထိန် က RFA ကို ဒီကနေ့ ပြောလိုက်ပါတယ်။
ရန်ကုန် စမ်းချောင်းမြို့နယ်မှာရှိတဲ့ NLD ပါတီ ရွေးကောက်ပွဲဗဟိုအောင်နိုင်ရေးရုံးမှာ NLD ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးဝင်းထိန် ကို RFA က သီးသန့်တွေ့ဆုံမေးမြန်းရာမှာ အခုလိုပြောလိုက်တာဖြစ်ပါတယ်။
"အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကနေ ဒုသမ္မတနှစ်ယောက်ကို NLD ကတင်မှာ၊ အဲဒီတော့ NLD ကပဲသမ္မတဖြစ်မှာ၊ သို့သော် ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူးတွေမှာ ပြောခဲ့သလို ဒေါ်အောင်ဆန်း စုကြည်က သမ္မတအပေါ်ကနေ အစိုးရကို ကြီးကြပ်ကွပ်ကဲမယ်၊ ကွပ်ကဲရင်းနဲ့ကြားထဲမှာ တပ်မတော်နဲ့ ညှိနှိုင်းတာတွေရှိခဲ့လို့ရှိရင် အချိန်ကြာလာတာနဲ့အမျှ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြင်နိုင်မယ်လို့ ကျနော် ယုံကြည်တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သော့ချက်ကနှစ်ခု ပုဒ်မ  ၅၉ (စ) နဲ့  ၄၃၆ ဒေါ်အောင်ဆန်း စုကြည်ကို သမ္မတမဖြစ်လာအောင်လုပ်ထားတယ်၊ ၄၃၆ ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်နိုင်အောင်လုပ်ထားတယ်၊ အဲဒီ့နှစ်ခုကို ကိုင်တွယ်နိုင်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ငါးနှစ်သက်တမ်းမှာ သမ္မတဖြစ်မယ်လို့ ကျနော်မျှော်မှန်းတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျန်းမာရေးကောင်းမယ်၊ အသိလည်း သတိလည်း အင်မတန်ကောင်းတဲ့အခါကျတော့ ငါးနှစ်အတွင်းမှာ သူသမ္မတဖြစ်မယ်လို့ ကျနော်ယုံကြည်ပါတယ်"
ဒါ့အပြင် အန်အယ်လ်ဒီက ဖွဲ့စည်းမယ့်အစိုးရမှာ တိုင်းရင်းသားနိုင်ငံရေးပါတီတွေက လူပုဂ္ဂိုလ်တွေလည်း ပါလာနိုင်ကြောင်း လာမယ့်အစိုးရဟာ ညွန့်ပေါင်းအစိုးရမဟုတ်ဘဲ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်တဲ့ အစိုးရလို့ ပြောပါတယ်။
မနက်ဖြန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပထမဆုံးအကြိမ် သီးသန့်တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ တပ်မတော်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကြား၊ တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား ရှိနေတဲ့ ခြားနားချက်တွေကို ကျော်လွှား နိုင်မယ့် ဆွေးနွေးပွဲဖြစ်တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။
ဒါ့အပြင် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီး တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။
RFA