Pages

Thursday, December 31, 2015

နိုင်ဂျီးရီးယား လုပ်ငန်းရှင်တစ်ဦးက အာဖရိကတိုက်၏ အကြီးဆုံး ယေရှုရုပ်တုကို တည်ဆောက်

Photo:Naijaqueennolofofo.com

နိုင်ဂျီးရီးယားလုပ်ငန်းရှင် သူဌေးတစ်ဦးက အာဖရိကတိုက်၏ အကြီးဆုံး ယေရှုရုပ်တုကို ဖွင့်လှစ်မည့် အစီအစဉ်အား  ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်းရုပ်တုသည် အစ္စလာမ္မစ်သူပုန်များက ပျက်စီးဆုံးရှုံးမှုများ ဖြစ်စေခဲ့သော နိုင်ငံတစ်နိုင်ငံတွင်  ငြိမ်းချမ်းရေးသင်္ကေတ ဖြစ်လာလိမ့်မည်ဟု ဆိုသည်။
နိုင်ဂျီးရီးယားသူဌေး အိုဘင်နာအိုနူအိုဟာသည် အမြင့် ၈ ဒသမ ၅၃ မီတာ (၂၈ ပေ)  မြင့်သည့် ယေရှုရုပ်တုကို တည်ဆောက်ရန် ၂၀၁၃ ခုနှစ်တွင် စတင်စီစဉ်ခဲ့ပြီး အဖြူရောင် စကျင်ကျောက်တုံးကို ထွင်းထုရန်အတွက်  တရုတ်ကုမ္ပဏီတစ်ခုကို ငှားရမ်းခဲ့သည်။ 
ခြေဗလာဖြင့် မတ်တတ်ရပ်လျက် လက်နှစ်ဖက်ကို ဆန့်တန်းထားသည့် အလေးချိန် တန် ၄၀ ရှိသော အဆိုပါ ရုပ်တုသည် နိုင်ဂျီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်း အီမိုပြည်နယ်ရှိ ခရစ်ယာန်ဘာသာဝင်များ အဓိကနေထိုင်သည့် အဘာဂျာရွာတွင် စိန့်အလွိုင်ဆီးယက် ကက်သလစ်ခရစ်ယာန်ကျောင်းကို အုပ်မိုးလျက်သား တည်ရှိမည်ဖြစ်သည်။
“ဒီရုပ်တုဟာ အာဖရိကမှာ အကြီးဆုံး ယေရှုရုပ်တု ဖြစ်လာပါလိမ့်မယ်။ ဘုရားဖူးတွေ လာကြမယ်ဆိုတာ သေချာပါတယ်” ဟု ရေနံနှင့် သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးရေးကုမ္ပဏီတစ်ခု၏ စီအီးအိုဖြစ်သော အသက် ၄၃ နှစ်အရွယ်ရှိ အိုနူအိုဟာက ပြောကြားခဲ့သည်။ 
နှစ်သစ်ကူးနေ့တွင် ပြုလုပ်မည့် အဆိုပါ ရုပ်တုဖွင့်ပွဲသို့ လူပေါင်း ၁,၀၀၀ ခန့် တက်ရောက်လိမ့်မည်ဟု မျှော်လင့်ထားသည်။  အိုနူအိုဟာက ရုပ်တုဖွင့်ပွဲအား တိုက်ခိုက်ခြင်း သို့မဟုတ် နှောင့်ယှက်ဖျက်ဆီးခြင်း မခံရစေရေး သေချာစေရန်အတွက် သူသည် ရဲတပ်ဖွဲ့နှင့် ဆက်သွယ်ထားကြောင်းလည်း ပြောကြားခဲ့သည်။ 
လူဦးရေ သန်း ၁၇၀ ရှိပြီး အာဖရိကတိုက်၏ အကြီးဆုံးနိုင်ငံဖြစ်သော နိုင်ဂျီးရီးယားတွင် တောင်ပိုင်းရှိ ပို၍ ချမ်းသာကြယ်ဝသော ခရစ်ယာန်များနှင့် မြောက်ပိုင်းရှိ ဆင်းရဲသော မွတ်စလင်တို့အကြား သွေးကွဲလျက်ရှိပြီး ရင်ကြားစေ့ရန် မလွယ်ကူဘဲ တစ်ခါတစ်ရံ တင်းမာမှုများ ဖြစ်ပေါ်စေသော အကြောင်းဇာစ်မြစ်အဖြစ် ရှိနေသည်။
အကြမ်းဖက်မှုများသည် အဓိကအားဖြင့် မြောက်ပိုင်းရှိ မွတ်စလင်အများစုနှင့် သက်ဆိုင်သော်လည်း အစ္စလာမ္မစ်ဘိုကိုဟာရမ်အဖွဲ့က သီးခြားနိုင်ငံထူထောင်ရန် ခြောက်နှစ်ကြာ သူပုန်ထမှုအတွင်း လူပေါင်း ၁၇,၀၀၀ ကျော် သေဆုံးခဲ့သည်။ 
Writer: 
Ref: AFP